အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်က အသက် (၁၀ဝ)အရွယ် ဘွားဘွား၏ မသေခင်ထောင်ကျဖူးချင်သည့် ဆန္ဒကို ရဲတပ်ဖွဲ့ က ဖြည့်ဆည်းပေးလိုက်ကြောင်း သိရသည်။
ပါဆန်စီရင်စုရဲတပ်ဖွဲ့က ဘွားဘွား ရုသ်ဘရိုင်ယန်၏ အသက်(၁၀ဝ) ပြည့်မွေးနေ့တွင် ဟန်ရေးပြဖမ်းဆီးပြီး ဆန္ဒဖြည့်ပေးလိုက်ခြင်းဖြစ်သည်။ ဘိုးဘွားရိပ်သာတွင်နေသည့် ဘွားဘွားဘရိုင်ယန်က သူဖြစ်ချင်သည့်ဆန္ဒ ကို ထုတ်ပြောပြသည်ကို ရဲများက ကြားသိရပြီးနောက် ဘိုးဘွားရိပ်သာသို့ ရဲနှစ်ဦးစေလွှတ်ကာ ဘွားဘွားဘရိုင်ယန်ကို လူမြင်ကွင်းဖော်ချွတ်လုပ်မှု ဖြင့် ဖမ်းဆီးမည်ဟုဆိုခဲ့ကြသည်။ ရဲနှစ်ဦးက ဘွားဘွားဘရိုင်ယန်ကို လက် ထိတ်ခတ်ကာ ရဲကားဆီသို့ တစ်ဖက်ဆီ ချီတွဲခေါ်သွားသည်။ ရုန်းရင်းဆန်ခတ်မလုပ်ရန်လည်း ကားထဲမဝင်မီ ဘွားဘွားဘရိုင်ယန်ကို ရဲနှစ်ဦးက သတိပေးလိုက်ပြီး ဘွားဘွားဘရိုင်ယန်က အပြောင်အပြက်သဘောဖြင့် ရဲတစ်ဦး၏ ဒူးကို ကန်လိုက်သေးသည်။

“မလုပ်နဲ့ဗျ။ ဒူးတစ်ဖက်က ကောင်းတာမဟုတ်ဘူး”ဟု ရဲတစ်ဦးက ပြောရာ ဘွားဘွားဘရိုင်ယန်က “အမယ်တော် ကျုပ်ဆို နှစ်ဖက်လုံးကို မကောင်းတော့တာအေ“ဟု ရွှတ်နောက်နောက် ပြန်ပြောသည်။

ထို့နောက် တကယ် ရဲဖမ်းခေါ်ခံရသည့် အရသာကို ခံစားနိုင်စေရန် ရဲကားမီးများထွန်း၊ အချက်ပေးဥသြများဆွဲကာ ပါဆန်စီရင်စု အကျဉ်းထောင်သို့ မောင်းသွားကြသည်။ အကျဉ်းထောင်ရောက်သည်တွင် တကယ့် အကျဉ်းသားအတိုင်း ဓာတ်ပုံရိုက်မှတ်တမ်းယူ၊ “ပါဆန်စီရင်စု အကျဉ်းထောင်” စာတန်းပါ လိမ္မော်ရောင် အကျဉ်းသားဝတ်စုံကို ဝတ်စေပြီး မိနစ်ပိုင်းခန့် အကျဉ်းခန်းထဲတွင် ထည့်ထားလိုက်သည်။

“နောက်ဆုံးတော့ ထောင်ကျဖူးပြီ“ဟု ဘွားဘွားဘရိုင်ယန်က ဝမ်းသာစကားဆိုသည်။
ထို့နောက် ဘွားဘွားဘရိုင်ယန်ကို ထောင်မှ ပြန်လွှတ်ပေးပြီး ရဲကားဖြင့် ဘိုးဘွားရိပ်သာသို့ ပြန်ပို့ကာ ရဲတပ်ဖွဲ့က မွေးနေ့ကိတ်တစ်လုံးဖြင့်ပါ မွေးနေ့ပွဲကျင်းပပေးခဲ့ကြောင်း သိရသည်။
Source from www.oxygen.com