စပိန်နိုင်ငံ ဟူစကာမြို့မှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အသက် ၁၀၁ နှစ်အရွယ် အဘွားအိုတဦးဟာ ရောဂါပြန်ကောင်းလာတဲ့အတွက် ဆေးရုံက ဆင်းပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မစ္စအင်နာကာနေစီယွန် ဘူအီစန်ဟာ ဆေးရုံတက်ခဲ့ရပြီးတဲ့နောက်၊ သူရဲ့ ၁၀၁ နှစ်မွေးနေ့ကို ဆေးရုံခုတင်ပေါ်မှာပဲ ဖြတ်သန်းခဲ့ရသူပါ။
ဒါပေမဲ့ အဘွားအိုဟာ နှစ်ပတ်အကြာ မတ် ၃၁ မှာတော့ ဗိုင်းရပ်စ်ကင်းစင်ပြီး နာလန်ထလို့ ဆေးရုံက ပြန်ဆင်းနိုင်ခဲ့ပါတယ်။
“ဒီအဖျားရောဂါဟာ ဆေးရှိတယ်၊ ကုလို့ရတယ်ဆိုတာကို လူတိုင်းကို မျှော်လင့်ချက် ပေးချင်တာပါ” လို့ အဘွားအို အင်ကာနာစီယွန်ရဲ့ သမီးဖြစ်သူက ပြောပါတယ်။
စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် သေဆုံးရသူတွေထဲမှာ သက်ကြီးဂေဟာတွေက လူကြီးတွေ တော်တော်များများ ပါဝင်နေကြလို့ အဘွားအို အခုလို ပြန်ကောင်းလာတဲ့ သတင်းဟာ ကပ်ဘေးဒဏ်အခံရဆိုးထဲ ပါဝင်တဲ့ စပိန်အတွက် မျှော်လင့်ချက်ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်