နာမည်ကျော် ပရီးမီးယားလိဂ် ထိပ်သီး အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ မီဆွတ်အိုဇေးလ် ဟာ ကလေးသူငယ်တွေကို ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ပေးနေတဲ့ Big Shoe ပရဟိတ အဖွဲ့အစည်းနဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ် အယောက်၄၀ကို ခွဲစိတ်ပေးခဲ့ကြောင်း သိရှိရပါတယ်။ အိုဇေးလ်ဟာ ကလေးငယ် ၄၀ဦးကို ခွဲစိတ်ရာမှာ လိုအပ်တဲ့ငွေကြေးကို လှူဒါန်းခဲ့တာဖြစ်ပြီး အဆိုပါကိစ္စရပ်အပေါ် မနေ့ညက သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ တင်သွားခဲ့တာပါ။


Big Shoeအဖွဲ့အစည်းရဲ့ ထုတ်ပြန်ကြေညာမှုအရ Big Shoeအဖွဲ့အစည်းဟာ မြန်မာနိုင်ငံ ကယားပြည်နယ် လွိုင်ကော်မြို့မှာရှိတဲ့ မွေးရာပါ အာခေါင်ကွဲ ၊ နှုတ်ခမ်းကွဲတဲ့ ကလေးငယ် ၄၀ ဦးကို ခွဲစိတ်ကုသမှုပေးခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါခွဲစိတ်မှုကို ဦးဆောင်ပေးခဲ့တဲ့ ဆရာဝန်အဖွဲ့ဟာ ဂျာမဏီနိုင်ငံ စတုဂတ်မြို့က Dr.Herbert Bauer ဦးဆောင်တဲ့အဖွဲ့ဖြစ်တယ် လို့ သိရှိရပြီး ဆရာဝန်ကြီးတွေဟာ ခွဲစိတ်မှုတွေကို စနေနေ့မှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်းလည်း Big Shoeရဲ့ တရားဝင် Facebook စာမျက်နှာမှာ ကြေညာထားခဲ့ပါတယ်။


မြန်မာနိုင်ငံက ကလေးငယ်တွေကို ကူညီခွင့်ရခဲ့တာနဲ့ ပတ်သတ်ပြီး အိုဇေးလ်က ” ဒီတစ်ကြိမ် မှာ ကျွန်တော်တို့က အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံက ကလေးငယ်၄၀ဦးကို ကူညီနိုင်ခဲ့ပါတယ် ” လို့ အင်စတာဂရမ်ပေါ်မှာ တင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ Big Shoe အဖွဲ့အစည်းဟာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းက ကလေးတွေကို ကူညီဖို့အတွက် အားကစားသမားတွေရဲ့ အကူအညီနဲ့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး အိုဇေးလ်ဟာ Big Shoe နဲ့ပူးပေါင်းကာ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေတယ် လို့ သိရှိရပါတယ်။


Love you 3000 more than ,Ozil
Source(Instragram)