၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ဗြိတိန် ပညာရှင်များမှ ဥရောပရဲ့ ကျေးလက်ဒေသတွေမှာ သချိုင်းအကြီးကြီးတစ်ခုကို တွေ့ရှိခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ အလောင်းတွေဟာ ၁၃၄၈ ခုနှစ်ကနေ ၁၃၄၉ ခုအတွင်း ဖြစ်ပွားခဲ့တဲ့ အနက်ရောင်သေခြင်းတရားရဲ့ သားကောင်များဖြစ်တယ်လို့ ယုံကြည်ယူဆထားကြပါတယ်။

Cambridge တက္ကသိုလ်မှ ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုကို အခြေခံပြီး ရှေးဟောင်းသူတေသန ပညာရှင်များမှ အင်္ဂလန်နိုင်ငံရဲ့ ကျေးလက်ဒေသ မြေနရာအများစုဟာ အနက်ရောင်သေခြင်းတရားကြောင့် သေဆုံးခဲ့ရသူတွေရဲ့ အုတ်ဂူတွေနဲ့ ဖုံးလွှမ်းနေတယ်လို့ ယူဆထားကြပါတယ်။ သချိုင်းနေရာဟာ ယခင်က ဖျက်ဆီးခံခဲ့ရပြီး အနက်ရောင်သေခြင်းတရားကြောင့် သေဆုံးခဲ့သူအများအပြား မြှုပ်နှံထားမယ်လို့ယူဆရပြီး ပိုကြီးတဲ့ သချိုင်းမြေဖြစ်ခဲ့လိမ့်မယ်လို့ ပညာရှင်တွေက ပြောခဲ့ပါသေးတယ်။
သုတေသနပညာရှင်များမှ ၂၀၁၁ တွင် ထိုဒေသကို ဆာဗေးစတင် ကောက်ခဲ့ပြီး သချိုင်းမဖြစ်ခင်မှာ လူတွေနေခဲ့တဲ့နေရာဖြစ်ခဲ့တယ်လို့ သိရှိခဲ့ကြပါတယ်။ သို့သော်လည်း ပညာရှင်များမှ နက်နက်တူးပြီး ရှာဖွေလေ လူအရိုးစုများကို တွေ့လေဖြစ်ခဲ့ပါတယ်။

ပထမဆုံး အနက်ရောင်သေဆုံးမှု သချိုင်းနေရာမှာ ယောက်ျား၊ မိန်းမနှင့် ကလေးတွေရဲ့ အရိုးစု ၄၈ စုံကို ရှာတွေ့ခဲ့ရပြီး ၁၂ လအရွယ် ကလေးတစ်ယောက်ရဲ့ အရိုးစုလည်းပါဝင်ပါတယ်။ အရိုးစု ၁၆ စုံမှ သွားများကို စစ်ဆေးတဲ့အခါမှာ ကျေးလက်ဒေသနေ ဗြိတိန်လူမျိုးစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကို သတ်ပစ်ခဲ့တဲ့ အနက်ရောင် သေခြင်းတရားရဲ့ တရားခံ Yersinia pestis လို့ အမည်ရသော ရောဂါပိုးရဲ့ DNA ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရပါတယ်။
လေ့လာတွေ့ရှိချက်အရ ဒီကြီးမားတဲ့ သချိုင်းဟာ Thornton Abbey လို့ခေါ်တဲ့ ဘုန်းကြီးကျောင်းနေရာဖြစ်ကြောင်းသိရပြီး နောက်ပိုင်းမှာ အနက်ရောက်သေဆုံးမှုရဲ့ သားကောင် လူနာများရဲ့ ခိုလှုံရာ ဒုက္ခသည်စခန်းတစ်ခုဖြစ်ခဲ့တယ်လို့သိရပါတယ်။ အနက်ရောင် သေဆုံးမှု ဆိုတဲ့ ရောဂါပိုးကူးစက်ခံရသည့် လူများဟာ မြို့ပေါ်မှာ အရမ်းကို ပြည့်ကြပ်နေခဲ့ပြီး Thornton Abbey နဲ့ ၎င်းရဲ့ ဆေးရုံမှာ လာရောက်ခိုလှုံခဲ့ကြကြောင်း သုတေသနပညာရှင်များမှ ပြောကြားခဲ့ပါသေးတယ်။ သို့သော်လည်း အနက်ရောင်သေခြင်းတရား ကူးစက်ခံရတဲ့ လူတွေဟာ Abbey ကို ရောက်လာပြီး အချိန်တိုအတွင်းမှာပဲ သေဆုံးခဲ့ကြရပါတယ်။

Thornton Abbey ကို Lincolnshire ရှိ ကျေးလက်ဒေသတွင် ၁၁၃၉ ခုနှစ်၌ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ့ကာလအတွင်း အချမ်းသာဆုံး ဘာသာရေးကျောင်းတစ်ခုဖြစ်ခဲ့ပြီး ၁၅၃၉ မှာ Henry VIII ဘုရင်မှ ဘုန်းကြီးကျောင်းများကို ဖျက်သိမ်းဖို့ အမိန့်ပေးစဉ်မှာ ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။
ဘုန်းတော်ကြီးများဟာ သူတို့ရဲ့ တာဝန်ကို ပြင်းပြင်းထန်ထန်ကျေပွန်အောင် ဆောင်ရွက်ခဲ့ပြီး ကူးစက်ရောဂါကြောင့် သေဆုံးသူတွေကို ကောင်းကောင်းမွန်မွန် သဂြိုဟ်ပေးခဲ့ကြတယ်လို့ သုတေသနပညာရှင်တွေက ပြောခဲ့ပါတယ်။
၁၄ ရာစုမှာဖြစ်ပွားခဲ့တဲ့ အနက်ရောင်သေခြင်တရားဟာ Yersinia pestis ပိုးမွှားကြောင့် ဖြစ်ခဲ့ရတာဖြစ်ပြီး ဥရောပရှိ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကို သေစေခဲ့ပါတယ်။ ဗိုင်းရပ်စ်ဟာ ခွေးလှေးကောင်ကိုစားတဲ့ တိရစ္ဆာန်တွေကနေကူးစက်တာဖြစ်ပြီး အထူးသဖြင့် တောကြွက်တွေပဲဖြစ်ပါတယ်။
အနက်ရောင်သေခြင်းတရား ဗိုင်းရပ်စ် ကူးစက်ချိန်ဟာ ၂ ရက်ကနေ ၇ ရက်အတွင်း ဖြစ်ပွားတာဖြစ်ပါတယ်။ ရောဂါလက္ခဏာများမှာ နာကျင်မှု၊ အရိုးအဆစ်ကိုက်ခဲခြင်း၊ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ မေ့မျောခြင်း၊ ဗိုက်အောင့်ခြင်း၊ နမိုးနီးယားဖြစ်ခြင်း၊ ချောင်းဆိုးခြင်းနှင့် ရင်ဘတ်အောင့်ခြင်း စသည်တို့ဖြစ်ကြောင်း သိရပါတယ်ဗျာ…။
Writer – Leo ( The Lifestyle Myanmar )
Source: Elite Readers