ပြည်ထဲရေးဝန်ကြီးဌာန၊ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေအနေဖြင့် ရာထူးတာဝန်မှအနားယူကာ စစ်ဖက်မူလတာဝန်များကို ပြန်လည်ထမ်းဆောင်သွား မည်ဖြစ်ကြောင်းသိရသည်။
သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဦးဇော်ဌေးက”ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ စစ်ဖက်မူလ တာဝန် တွေပြန်လည်ထမ်းဆောင်ဖို့ပေါ့နော်။ သူ့နေရာမှာ အခြားတယောက်ကို အစားထိုးခန့်အပ်ဖို့သမ္မတဆီတင်ပြ ထားပါ တယ်“ဟုပြောသည်။

အစိုးရအရာရှိများအား မော်တော်ယာဥ်တင်သွင်းခွင့်ပေးမည့် အစီအစဥ်ကို ဆိုင်းငံ့လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရအရာရှိက ယနေ့နေ့လယ် နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုလိုက်သည်။
အဆိုပါအစီအစဥ်ကို အစိုးရထိပ်ပိုင်းအရာရှိများ ပြန်လည်သုံးသပ်နေပြီး အသင့်တော်ဆုံး နည်းလမ်းကို ရှာဖွေနေသည်ဟုလည်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေး ကဆိုသည်။

ဦးဇော်ဌေး က “လူတွေကြားမှာ ဝေဖန်မှု ပြောကြားနေတဲ့ မော်တော်ယာဉ် တင်သွင်းခွင့် ကိစ္စဖြစ်ပါတယ်။ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်လို့ ရည်ရွယ်ချက်က ဘာလဲ ဆိုတော့ အငြိမ်းစားသွားတော့မယ့် နိုင်ငံဝန်ထမ်းတွေ၊ ပင်စင်သွားခါနီး ဝန်ထမ်းတွေကို သူတို့ကို ရည်ရွယ်ပြီး ဆောင်ရွက်ဖို့ စတင်တာ ဖြစ်ပါတယ်။ လောလောဆယ် စီးပွားကူးသန်းက ထုတ်ပြန်တဲ့ ဟာတွေရော၊ Facebook မှာရော၊ မီဒီယာမှာလည်းရေးကြတယ်။ လောလောဆယ် ကျနော်တို့ ပြောနိုင်တာက မော်တော်ယဉ် တင်သွင်းခွင့်နဲ့ ပတ်သက်လို့ ဆိုင်းငံ့ထားဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ စီးပွားကူးသန်း အနေနဲ့ ဒီကိစ္စကို ဆိုင်းငံ့ထားဖို့ပါ။ ပြန်ပြီးတော့ သုံးသပ်နေပါတယ်” ဟုပြောသည်။
အစိုးရ အရာရှိများအား ကားပါမစ်ချပေးမည့် အစီအစဥ်တွင် ညွှန်ချုပ်နှင့်အထက် အစိုးရအရာရှိများအား လိုင်စင်ထုတ်ပေးမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ဒုညွှန်ချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့် နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ် ရသူများအား လိုင်စင်ထုတ်ပေး ရန်စီစဥ်ထားခြင်းဖြစ်သည်။
Source: နိုင်ငံတော် သမ္မတရုံး