တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ကျဆင်းလာပြီးနောက် မတ်လ ၁၇ ရက်က ဗိုင်းရပ်စ် စဖြစ်ရာ ဝူဟန်မြို့ကနေ ဆေးဘက်ဝန်ထမ်းတွေ ပြန်လာကြပါတယ်။

ကပ်ရောဂါ အဆိုးဆုံးအခြေအနေကို ကျော်ဖြတ်နိုင်ပြီလို့ တရုတ်အစိုးရ ကြေညာပြီးနောက်မှာ တခြားပြည်နယ်တွေကနေ ဟူဘေးပြည်နယ်ကို လာရောက်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဝူဟန်မြို့ကနေ ပြန်လာကြတာပါ။
တရုတ်ကျန်းမာရေးကော်မရှင် ထုတ်ပြန်ချက်အရ ဆေးဘက်အဖွဲ့ ၃၅၀ နီးပါးနဲ့ ဆေးဝန်ထမ်း ၄၂,၆၀၀ ကျော်ကို ဟူဘေးပြည်နယ်ဆီ စေလွှတ်ခဲ့ပါတယ်။

“အခက်အခဲတွေ ရင်ဆိုင်တဲ့ နတ်သမီး နတ်သားတွေကို ဂုဏ်ပြုပါတယ်” ဆိုတဲ့ စာတန်းတွေနဲ့ ဝူဟန်မြို့ကနေ ပြန်ထွက်ခွာတဲ့ ဆေးဘက်ဝန်ထမ်းတွေကို တာဝန်ရှိသူတွေက လိုက်လံပို့ဆောင်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ရာ တရုတ်နိုင်ငံမှာ ကူးစက်ခံရသူနဲ့ သေဆုံးသူ အရေအတွက် လျော့နည်းနေပေမယ့် တရုတ်နိုင်ငံပြင်ပမှာတော့ နှစ်ခုစလုံး မြင့်တက်နေပါတယ်။

မတ်လ ၁၈ ရက်အထိ ကမ္ဘာတဝန်း နိုင်ငံနဲ့ဒေသပေါင်း ၁၆၅ ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စုစုပေါင်း သေဆုံးသူ ၈၀၀၀ နီးပါးရှိပြီး ကူးစက်ခံရသူ ၂ သိန်းနီးပါး ရှိပါတယ်။ ကမ္ဘာတဝန်း ပြန်ကောင်းမွန်လာသူကလည်း ၈၂၀၀၀ ကျော် ရှိပါတယ်။
တရုတ်နိုင်ငံမှာ စုစုပေါင်း သေဆုံးသူ ၃၂၃၇ ဦး ၊ အီတလီမှာ ၂၅၀၆ ဦးနဲ့ အီရန်မှာ ၉၈၈ ဦး ရှိတယ်လို့လည်း Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်