ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ တစ်ရက်အတွင်း နှစ်ဆတက်လာတယ်လို့ တောင်ကိုရီးယား အစိုးရက ပြောလိုက်ပါတယ်။
ကူးစက်မှု အသစ် ၂၂၉ ခု ထပ်တွေ့ခဲ့တယ်လို့ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောလိုက်တဲ့အတွက် ကူးစက်မှု စုစုပေါင်း ၄၃၃ ခု ရှိသွားဖြစ်ပါတယ်။ ကျန်းမာရေး ဒုဝန်ကြီး ကင် ဂန်လစ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ အရေးကြီးတဲ့ အခြေအနေသစ် တစ်ခုဆီ ရောက်လာပြီလို့ ပြောလိုက်ပါတယ်။

ဒီကူးစက်မှုအသစ်တွေထဲက အများစုဟာ ဆေးရုံတစ်ခုနဲ့ ပတ်သက်နေပြီး နောက်ထပ် ဆက်နွှယ်နေတဲ့ နေရာကတော့ နိုင်ငံ အရှေ့တောင်ပိုင်း ဒေဂူးနားက ဘာသာရေး အုပ်စု တစ်ခုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တောင်ကိုရီးယားမှာ ကူးစက်ခံရသူ နှစ်ယောက် သေဆုံးသွားပြီး ကူးစက်မှုတွေများလာမှာကို စိုးရိမ်နေကြပါတယ်။
အဲဒီဆေးရုံရှိတဲ့ ချုံဒူး နဲ့ အနီးအနားက ဒေဂူးတို့ကို အထူးသတိထားရမယ့် နေရာအဖြစ် ကြေညာထားပြီး ဒေဂူးက လမ်းတွေမှာ လူသူအသွားအလာ အများကြီး လျော့ကျသွားပါတယ်။ အခုလို ကူးစက်မှု မြင့်တက်ခဲ့တဲ့အတွက် တောင်ကိုရီးယားဟာ တရုတ်နိုင်ငံ ပြင်ပ ကူးစက်မှု အများဆုံးရှိတဲ့ နေရာ ဖြစ်လာပါတယ်။

တရုတ်မှာ ကူးစက်သူ ၇၆,၂၈၈ ရှိပြီး သေဆုံးသူ ၂၃၄၅ ယောက်ရှိပါတယ်။ ဂျပန်မှာ ကမ်းကပ်ထားရတဲ့ Diamond Princess ခရီးသည်တင်သင်္ဘောမှာလည်း ကူးစက်သူ ၆၀၀ ကျော် ရှိပါတယ်။
တရုတ်မှာတော့ ကူးစက်သူနဲ့ သေဆုံးသူ လျော့လာတယ်လို့ တရုတ် ကျန်းမာရေး တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။ ကူးစက်မှု အသစ်တွေဟာ တရုတ်နဲ့ ဒါမှမဟုတ် အရင် ကူးစက်ထားသူတွေနဲ့ ဆိုင်သလားဆိုတာ မရှင်းလင်းသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ရဲ့ အကြီးအကဲက ပြောပါတယ်။
အဲဒါကြောင့် ဒီကူးစက်မှုအတွက် ကျန်းမာရေး စနစ် အားနည်းတဲ့ နိုင်ငံတွေ အထူးသဖြင့် အာဖရိက နိုင်ငံတွေအတွက် စိတ်ပူပန်မိတယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံပြင်ပ နိုင်ငံပေါင်း ၂၆ နိုင်ငံမှာ ကူးစက်မှု ၁၂၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၈ ဦး ရှိပြီလို့ WHO က ပြောပါတယ်။
Source: BBC