ယခု သေဆုံးမှုဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကို စနစ်တကျကိုင်တွယ်နေတဲ့ စင်ကာပူအတွက် ပထမဆုံးဖြစ်ပါတယ်။ ယနေ့ မတ်လ ၂၁ ရက်မနက်အစောပိုင်းမှာ COVID-19 ရောဂါဖြင့်သေဆုံးသူနှစ်ဦးရှိခဲ့တယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

သေဆုံးသူထဲမှ ပထမတစ်ဦးကတော့ အသက် ၇၅နှစ်အရွယ် စင်ကာပူနိုင်ငံသူ အမျိုးသမီးဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ COVID-19 ရောဂါအခြေအနေနဲ့ စင်ကာပူအမျိုးသား ကူးစက်ရောဂါကာကွယ်ရေးဆေးရုံကိုရောက်ရှိလာခဲ့တာဖြစ်ပြီး ထိုနေ့မှာပဲ ကူးစက်ခံရကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
ဆေးရုံး စတက်တဲ့နေ့ကတည်းက အထူးကြပ်မတ်ကုသခဲ့ရပြီး ရောဂါအခြေအနေဆိုးရွားခဲ့ပါတယ်။ ဆေးရုံမှာ ၂၆ရက်တာ ကုသခံခဲ့ရပြီး ယနေ့မနက်ပိုင်းမှာ ဆုံးပါးသွားခဲ့တာပါ။ သူမမှာ သွေးတိုးနဲ့ နှလုံးရောဂါအခံလည်းရှိနေခဲ့ပါတယ်။
ဒုတိယတစ်ဦးကတော့ အသက် ၆၄နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသားဖြစ်ကာ မတ်လ ၁၃ ရက်နေ့မှာ ပြင်းထန်တဲ့ COVID-19 ရောဂါအခြေအနေတွေကို စင်ကာပူနိုင်ငံကိုရောက်ရှိပြီးမကြာခင်မှာပဲ ခံစားခဲ့ရတာပါ။ သူ့ကို အရေးပေါ်ကုသပေးခဲ့ပြီး မတ်လ ၁၄ ရက်မှာ ရောဂါကူးစက်ခံရကြောင်းအတည်ပြုပေးနိုင် ခဲ့ပါတယ်။ သူဟာ စင်ကာပူနိုင်ငံကိုမရောက်ရှိခင်က အင်ဒိုနီးရှားဆေးရုံမှာ အဆုတ်ရောင်ရောဂါနဲ့ ကုသခံခဲ့ရပြီး နှလုံးရောဂါအခံလည်းရှိပါတယ်။

ယခုသေဆုံးမှုနဲ့ပတ်သတ်ပြီး စင်ကာပူကျန်းမာရေးဝန်ကြီး Mr. Gan Kim Yong က ” ကျွန်တော်တို့သေဆုံးသူရဲ့မိသားစုနဲ့အတူ ထပ်တူ ဝမ်းနည်းရပါတယ်။ သေဆုံးသူမိသားစုရဲ့ လိုအပ်ချက်တွေကိုလည်းကူညီသွားမှာပါ။ ယခုသေဆုံးမှုကြောင့် စင်ကာပူနိုင်ငံသားတွေကို မကြောက်လန့်ကြဖို့ တိုက်တွန်း လိုပါတယ်။မျက်ချေမပြတ်စောင့်ကြည့်ပြီး အတူတကွတွန်းလှန်ဖို့လိုပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
မနေ့က စင်ကာပူနိုင်ငံမှာ ရောဂါထပ်တိုးကူးစက်ခံရသူ အယောက် ၄၀ ရှိခဲ့ပြီး အယောက် ၃၀ ကတော့ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူတွေဖြစ်နေပါတယ်။ ထိုကြောင့်စုစုပေါင်း ၃၈၅ ဦးကူးစက်ခံရကာ ၁၃၁ ပြန်လည်သက်သာသွားပြီလည်းဖြစ်ပါတယ်။ ရောဂါကူးစက်မှုမှကာကွယ်ရန်အတွက် စင်ကာပူနိုင်ငံမှာ လူ ၂၅၀ ထက်ပိုပြီး စုရုံးကာ ပွဲလမ်းသဘင်မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ ထို့အပြင် ကူးစက်ခံရသူရဲ့နောက်ကြောင်းကိုလိုက်နိုင်တဲ့ App တစ်ခုကို လဲ စင်ကာပူအစိုးရက မိတ်ဆက်ပေးလိုက်ပါသေးတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source – CNA