မန္တလေးမြို့မှာ COVID -19 ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး စောင့်ကြပ်ကြည့်ရှုခံ နေရတဲ့ အမျိုးသမီးတဦး ဒီနေ့ သေဆုံးသွားတယ်လို့ မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးက အတည်ပြုပြောပါတယ်။
သေဆုံးသူဟာ ဆီးချိုသွေးချိုအခံရှိပြီး ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ ကျောက်ကပ်နဲ့ နှလုံးလည်း မကောင်းတဲ့အပြင် လူကလည်း အတော်လေးဝတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာနေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတဦး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ မတ်လ ၄ ရက်နေ့က စောင့်ကြပ်ကြည့်ရှုဖို့ ဆေးရုံကို ပို့ထားတာ ဖြစ်ပါတယ်။
အဆိုပါအမျိုးသမီးမှာ COVID -19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ အမှန်တကယ်ရှိမရှိအဖြေကိုတော့ ညနေပိုင်းမှာ သိရမှာဖြစ်ပါတယ်။
သတင်း – နိုင်လင်းဦး
ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်