Quatum of Solace ဂျိမ်းစ်ဘွန်းဇာတ်ကားတွင် အဓိကမင်းသမီးဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော ဟောလိဝုဒ် သရုပ်ဆောင် Olga Kurylenko သည် COVID-19 သင့်နေကြောင်း သူကိုယ်တိုင်ကပင် ပြောကြားလိုက်သည်။
သူသည် ရက်သတ္တတစ်ပတ်နီးပါးခန့် နေမကောင်းဖြစ်ကာ ဖျားနာခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ခံစားခဲ့ရပြီးနောက် ဆေးစစ်ရာတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်နေကြောင်း သိရှိရခြင်းဖြစ်သည်။
”ဖျားနာတာနဲ့ ပင်ပန်းနွမ်းနယ်တာကို ကျွန်မ အဓိကခံစားခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြပါ။ ပေါ့ပေါ့ဆဆမနေကြပါနဲ့”ဟု ဆိုဗီယက်ပြည်ဖွား မင်းသမီး Olga Kurylenko ကပြောသည်။ သူသည် ယခုအခါ အသက် ၄၀ ရှိပြီဖြစ်သည်။ သူသည် ၂၀၀၈ ခုနှစ်က ပြသခဲ့သော Quantum of Solace ဇာတ်ကားတွင် ဂျိမ်းစ်ဘွန်းမင်းသား ဒင်နီယယ်လ် ကရိတ်ချ်နှင့် တွဲ၍ ဘိုလီဗီယား လျှို့ဝှက်ထောက်လှမ်းရေးမယ်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်သူသည် အိမ်တွင် သီးသန့်နေ၍ ပြုစုကုသမှုခံယူနေလျှက်ရှိသည်။
Ref: Bond girl Olga Kurylenko