ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 စစ်ဆေးတဲ့ပစ္စည်း (Test Kit) အခုရေ ၅၀၀၀၀ မြန်မာနိုင်ငံကို ထပ်ပို့ပေးမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) အတွက်ပို့ပေးမှာဖြစ်ပြီး အခု ဝယ်ယူစုဆောင်းနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဆိုပါတယ်။

အရင်ကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ပစ္စည်းအခု အရေအတွက် ၃၀၀၀ မြန်မာနိုင်ငံအတွက် ထောက်ပံ့ထားပါတယ်။
ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Ola Almgren က “ကုလသမဂ္ဂအနေနဲ့ Test Kit တွေ ထပ်ပြီးဝယ်ယူပေးဖို့နဲ့ ရောဂါစစ်ဆေးရေးအတွက် လိုအပ်တဲ့ အစီအစဉ်ရေးဆွဲတာ၊ စမ်းသပ်စစ်ဆေးတာနဲ့ စစ်ဆေးတာတွေကို စိစစ်တာတွေနဲ့ ပတ်သက်လို့ အကူအညီပေးဖို့ အဆင်သင့်ရှိပါတယ်” လို့ ပြောပါတယ်။
ကုလသမဂ္ဂအနေနဲ့ တကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ (PPE) တွေနဲ့ အထူးတီထွင်ထားတဲ့ ဆေးပစ္စည်း ကိရိယာတွေ ဝယ်ယူပေးတာ၊ ကျန်းမာရေးအဆောက်အအုံတွေ အင်အားတိုးချဲ့ပေးတာ၊ စတဲ့ ရောဂါပျံ့နှံ့တာ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးတို့အတွက် ဗဟိုအဆင့် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနနဲ့တကွ အစိုးရအရာရှိတွေနဲ့ ညှိနှိုင်းလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်