နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် လားရှိုးမြို့ ပြည်သူ့ ဆေးရုံကြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း JICA Phase II အဆောက်အဦ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

COVID-19 နဲ့ပတ်သက်ပြီး ပြည်သူတွေအနေဖြင့်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာကြရန် ဖေဖေါ်ဝါရီ ၁၀ရက်နေ့ကပြင်ဦးလွင်မြို့တွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတိုက်တွန်းပြောကြားသည်။

“ကျွန်မအနေနဲ့ ကျန်းမာရေးဝန်ကြီးရဲ့ ညွှန်ကြားချက်အရ ဘယ်သူ့ကိုမှ လက်ဆွဲ နှုတ်ဆက်လို့မရပါဘူး။ပြည်သူတွေ အချင်းချင်းလည်း လက်ဆွဲ နှုတ်ဆက်တာ မလုပ်ကြဖို့ အခုလောလောဆယ်မှာ ကျွန်မ တိုက်တွန်းဖို့ တာဝန်အရ ပြောရမှာဖြစ်ပါတယ်။ ဘာဖြစ် လို့လည်း ဆိုတော့ အားလုံးသိတဲ့အတိုင်း ကိုဗစ် 19 ရောဂါဟာ ကျွန်မတို့နိုင်ငံမှာ မဝင်ရောက်သေးဘူးဆိုပေမယ့် ဝင်မယ် မဝင်မယ်ဆိုတာ သေချာတဲ့ အခြေအနေလည်း မရောက်သေးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ညနေပိုင်းက အမျိုးသားကန်တော်ကြီးဥယျာဥ် ပြင်ဦးလွင်သို့ လှည့်လည် ကြည့်ရှုခဲ့သည်။
ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ပြင်ဦးလွင်မြို့၌ ညအိပ် ရပ်နားကြသည်။
Source: Myanmar State Counsellor Office