”အရေးအကြီးဆုံးအချက်ကတော့ ပြည်သူသာလျှင် အဓိကပါပဲ။ အစိုးရက ဘယ်လိုကောင်းတဲ့ အစီအစဉ်တွေ ချမှတ်တာမျိုးပဲဖြစ်ဖြစ်၊ ပြည်သူတွေ ပူးပေါင်းပါဝင်မှ ဖြစ်မှာပါ။
မလိုအပ်ဘဲ လူစုလူဝေးမဖြစ်အောင် ဆောင်ရွက်ဖို့၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့၊ သတင်းမှားတွေ မပျံ့နှံ့စေဖို့၊ အစိုးရိမ်လွန်တဲ့ကိစ္စတွေမဖြစ်စေဖို့ ပြည်သူတွေက အဓိကပါပဲ။ ပြည်သူတွေ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရင် အစိုးရဆောင်ရွက်နေတဲ့ကိစ္စကို အကောင်အထည်ဖော်နိုင်မှာပါ”လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ည မိန့်ခွန်းပြောကြားမှုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီနေ့အချိန်အထိ မြန်မာနိုင်ငံမှာ Covid-19 ကူးစက်ခံရသူ တစ်ယောက်မျှ မရှိသေးကြောင်း၊ Covid-19 ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေတဲ့ နိုင်ငံတချို့ကနေ ဝင်ရောက်လာသူတွေကို ကန့်သတ်ဖို့ လုပ်ဆောင်နေကြောင်း၊ အခွန်အခ ဖြေလျှော့မှု၊ အတိုးနှုန်းလျှော့ချမှုတွေလုပ်သွားမှာဖြစ်ကြောင်း၊
CMP လို့ခေါ်တဲ့ ကုန်ကြမ်းပေး၊ ကုန်ချောယူ၊ လက်ခစားလုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်း၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ထိခိုက်မှု သက်သာလျော့ပါးစေဖို့ အခွန်ကင်းလွတ်ခွင့်နဲ့ ချေးငွေရအောင် စီမံသွားမှာဖြစ်ကြောင်း၊ စေတနာရှင် ပြည်သူတွေ ထည့်ဝင်နိုင်မယ့် ရန်ပုံငွေတစ်ရပ် ထူထောင်သွားမှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။