အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီက ဘတ်စ်ကားပေါ်မှာ ဆေးကျောင်းသူ တယောက်ကို ရက်ရက်စက်စက် အုပ်စုလိုက် အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့မှုအတွက် တရားစီရင်ခံရတဲ့ အမျိုးသား ၄ ယောက်ကို အာဏာပိုင်တွေက မတ်လ ၂၀ရက်မှာ သေဒဏ် စီရင်တော့မှာပါ။
ဒီအမှုကြောင့် နိုင်ငံတအနှံ့အပြား လမ်းတွေပေါ်မှာ လူတွေ ထောင်သောင်းချီ ဆန္ဒပြခဲ့ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအတွက် နိုင်ငံတကာက အာရုံစိုက် လာခဲ့ကြပါတယ်။

အလားတူအမှုတွေအတွက် တရားရုံးမှာ အမြန်စီရင်ရေးနဲ့ ပိုပြင်းထန်တဲ့ အပြစ်ဒဏ်ပေးဖို့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေ၊ ရုပ်ရှင်ငွေ ကြယ်ပွင့်တွေနဲ့ နိုင်ငံရေးသမားတွေက တောင်းဆိုခဲ့ကြပါတယ်။ ဒီအမှုဟာလည်း ကာလကြာရှည် တရားရင်ဆိုင်ခဲ့ရတဲ့ အမှုဖြစ်ပါတယ်။
အသက်၁၈နှစ်အောက် တယောက်အပါအဝင် ယောက်ျား၆ယောက်ဟာ ၂၀၁၂ ဒီဇင်ဘာ ၁၆ရက်က နယူးဒေလီမြို့တော်က ဘတ်စ်ကားတစီးပေါ်မှာ ဆေးကျောင်းသူနဲ့ အမျိုးသား မိတ်ဆွေ တို့ စီးနင်းလာတုန်း ဆေးကျောင်းသူကို ထပ်ခါတလဲ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ၂ယောက်စလုံးကို သံတုတ်နဲ့ ရိုက်ပြီး ကားပေါ်ကနေ လမ်းပေါ် ပစ်ချခဲ့ကြပါတယ်။
ဆေးကျောင်းသူဟာ ကိုယ်တွင်းဒဏ်ရာတွေကြောင့် သီတင်း၂ပတ်အကြာ စင်ကာပူနိုင်ငံက ဆေးရုံပေါ်မှာ သေဆုံးခဲ့ပါတယ်။
ကျူးလွန်သူ ယောက်ျားတယောက်က ထောင်ထဲမှာ ကြိုးဆွဲချ သတ်သေခဲ့ပြီး ကျန် တိုက်ခိုက်သူ လေးယောက်ကိုတော့ ၂၀၁၃မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
အသက်မပြည့်တဲ့ ကျူးလွန်သူကတော့ အိန္ဒိယဥပဒေအရ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် စာရိတ္တ ပြုပြင်ရေးဌာနမှာ ၃နှစ် ထိန်းသိမ်းခံဖို့ စီရင်ချက် ချမှတ် ခံရပါတယ်။
သေဒဏ်အမိန့်တွေ အတော်များများဟာ တရားခံရဲ့ ရှေ့နေတွေရဲ့ လျှောက်လဲချက် အမျိုးမျိုးကြောင့် ကြိုးမိန့် နှောင့်နှေး နေလေ့ရှိသလို သတ်မိန့်ကိုလဲ ရွှေ့ဆိုင်းလေ့ ရှိပါတယ်။
အိန္ဒိယသမ္မတဆီ အသနားခံလွှာ တင်ပေမယ့် ပယ်ချခံရအပြီး နောက်ဆုံးတရားရုံး အမိန့်တွေအရ ကျူးလွန်သူ လေးယာက်ကို ဒေလီထောင်ထဲမှာ မတ်လ ၂၀ရက် မနက် ငါးနာရီခွဲမှာ ကြိုးမိန့်စီရင်မှာ ဖြစ်ပါတယ်။
ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်