မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ဥပဒေအရ အိန္ဒိယ လူမျိုး၁.၃ ဘီလီယံလောက်ဟာ အိမ်ထဲကအိမ်ပြင်ထွက်ခွင့်မရတော့ပါဘူး။ သင် အိမ်ထဲမှာ နေပြီး ကမ္ဘာ ကြီးကိုကယ်တင်နေနိုင်ပေမဲ့ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေအတွက်ကတော့ ငတ်တလှည့်ပြတ်တလှည့်ဖြစ်နေကြပါပြီ။
အထူးသဖြင့် မြို့တော်ဒေလီပတ်ဝန်းကျင်က လမ်းပိုင်းပြုပြင်ရေးဆိုဒ်တွေဟာ နေ့စားအလုပ်သမားတွေရဲ့ ဝမ်းရေးကိုဖြေရှင်းပေးနေတာပါ ။ အရင်က လူသွားလူလာထူထပ်ပြီး ကြက်ပျံမကျစည်ကားတဲ့ အိန္ဒိယ လမ်းမတွေဟာ ကျေးငှက်သံကလွဲပြီး ဘာမှ မကြားရတော့ပါဘူး။ သို့ပေမယ့် လမ်းဒေါင့်တစ်နေရာမှာ လူတစ်စုရပ်နေကြပါတယ်။

BBC သတင်းထောက်လည်း စူးစမ်းချင်တာနဲ့ လုံလောက်တဲ့အကွာအဝေးကနေ ” ခင်ဗျားတို့ဘာလုပ်နေတာလဲ။ အပြင်မထွက်ရအမိန့်ထုတ်ထားတယ်လေ ” လို့ပြောတော့ ထိုအုပ်စုထဲက Ramesh Kumar ဆိုသူက ” ကျွန်တော်တို့သိပါတယ်ဗျာ။ ကျွန်တော်တို့ကို နေ့စားအလုပ်ပေးမယ့်သူတွေ့လိုတွေ့ငြားစောင့်နေတာပါ” လို့ စိတ်အားငယ်စွာ ပြန်ဖြေပါတယ်တဲ့။
” ကျွန်တော် ပုံမှန်ဆို တစ်နေ့ကို ရူပီး ၆၀၀ ရပါတယ်။ ဒီလိုသာ ကျွန်တော်အလုပ်ဆက်မလုပ်နိုင်ရင်ကျွန်တော့်ကိုမှီခိုနေရတဲ့ သူတွေငတ်ကုန်မှာပေါ့။ ကျွန်တော်လည်းကြောက်တာပေါ့ဗျာ။ ဒါပေမဲ့ ကလေးတွေဆာလောင်နေတာ မကြည့်ရက်လို့အပြင်ထွက်ပြီး အလုပ်ရှာရတာပါ” လို့ရင်ဖွင့်ပါတယ်။ အိန္ဒိယ မှာ ယခုလို လက်လုပ်လက်စားသမား မီလီယံချီပြီးရှိပါတယ်။ မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ သုံးပတ်ကြာ အပြင်မထွက်ရ ဥပဒေဟာ သူတို့ကို အိပ်မက်ဆိုး မက်စေခဲ့ပါတယ်။
အိန္ဒိယ မှာလောလောဆယ် ကူးစက်ခံရသူ အယောက် ၅၀၀ နဲ့သေဆုံးသူ ၁၀ဦးရှိပါပြီ။ လက်လပ်လက်စားတွေရဲ့ အခက်အခဲကိုလက်ပိုက်ကြည့်နေမှာမဟုတ်ပဲ သူတို့တွေကို ထောက်ပံ့ပေးသွားမယ်လို့တော့ အစိုးရအဖွဲ့ကကြေငြာထားပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ စစ်တမ်းအရ အိန္ဒိယ အလုပ်သမားဦးရေ ရဲ့ ၉၀ ရာခိုင်နှုန်းဟာ ကျပန်းလုပ်ကြတာဖြစ်ပါတယ်။ အိမ်ဖော်၊ လုံခြုံရေး၊ ဆောက်လုပ်ရေးအကူ၊ နဲ့ သန့်ရှင်းရေးလိုဟာမျိုးတွေပါ။ သူတို့အတွက် ပင်စင်၊ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရှိပါဘူး။ ဒီလိုလူတွေမှာ bank acc ဘယ်ရှိနိုင်မှာလဲ။ ဒါ့အပြင် သူတို့ဟာ ရေကြည်ရာ မျက်နုရာ ပြောင်းရွှေ့လုပ်ကိုင်ရတာကြောင့် တချို့ဆိုစာရင်းမရှိပါဘူး။

သို့ပေမယ့်လည်း ဝန်ကြီးဟောင်းတစ်ဦးက ” အစိုးရအနေနဲ့ ဒီ ကိစ္စ ကိုအမြန်ဖြေရှင်းဖို့လိုအပ်တယ်လို့ဆိုပါတယ်။ ကြန့်ကြာနေပါက သူယခင်က အုပ်ချုပ်ခဲ့တဲ့ Utter Pradesh ပြည်နယ်ရဲ့ ၂၂ မီလီယံသော ပြည်သူတွေ ရဲ့ ထမင်းအိုးကို ရိုက်ခွဲသလိုဖြစ်နေပါလိမ့်မယ်” လို့ ပြောပါတယ်။
အိန္ဒိယ ရဲ့ ရထားစနစ်ကို မတ်လ ၃၁ ရက်နေ့အထိ ရပ်နားထားပါတယ်။ လူတွေကို အပြင်မထွက်စေချင်ရင် အစားအစာထောက်ပံ့ဖို့ လုံလောက်တဲ့အစီအစဉ်ရှိဖို့လိုအပ်ပါတယ်။ အိန္ဒိယ မြောက်ပိုင်း က Allahabad မြို့က လန်ချားဆရာတစ်ယောက်ဆို သူ အလုပ်မထွက်ရတာ ၄ ရက်ရှိပြီလို့ဆိုပါတယ်။
အစိုးရက ရိက္ခာ ထောက်ပံ့မယ်ပြောပေမယ့်ဘယ်လိုဖြစ်လာမလဲ မသိသေးပါဘူး။ သူ့သူငယ်ချင်း သန့်ရှင်းရေးသမားတစ်ယောက်ဆို သူအလုပ်လုပ်တဲ့ဆိုင်က ချက်ချင်းပိတ်လိုက်လို့ ဝင်ငွေလုံးဝမရှိတော့ပဲ သူ့မိသားစုအတွက်အရမ်းစိုးရိမ်နေကြပါတယ်။

သူတို့ထက် အနည်းငယ်ဝင်ငွေများတဲ့ ကမ္ဘာ လှည့်ခရီးသွားအလာများတဲ့နေရာတွေက ဓာတ်ပုံဆရာတွေ၊ လမ်းဘေးစျေးဆိုင်ငယ်ပိုင်ရှင်လေးတွေလည်း ယခုနွေရာသီမှာ လုပ်ငန်းလေးတွေတိုးချဲ့ဖို့စီစဉ်ထားပေမယ့် ခဲလေသမျှသဲရေကျခဲ့ပြီလို့လည်းဆိုပါတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source- BBC