မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် အက်ရှ်လေယန်းကတော့ အင်တာမီလန် အသင်းဆီကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။
အသင်းအတွက် ၂၀၁၁ခုနှစ် ကတည်းက ကစားခဲ့တဲ့အက်ရှ်လေယန်းဟာ အင်တာမီလန်အသင်းနဲ့ သဘောတူညီမူရရှိခဲ့အပြီးမှာတော့ တွစ်တာကနေ တစ်ဆင့် အသင်းတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားနဲ့နူတ်ဆက် စာရေးသားသွားခဲ့တာဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိ မန်ယူ အသင်းခေါင်းဆောင်အက်ရှ်လေယန်းဟာ အသင်းမှာပွဲထွက်ခွင့် နည်းပါးလာခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အက်ရှ်လေယန်းကို အင်တာမီလန်အသင်းက ၆လ စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးမယ့် သဘောတူညီမူလည်းပါဝင်ပါတယ်။

အသင်းရဲ့ သူရဲကောင်းတွေနဲ့ အတူ ကစားခွင့်ရဖို့ အတွက် အခွင့်အရေးပေးခဲ့တဲ့ ယူနိုက်တက် အသင်းကို ကျေးဇူးတင်ရှိပြီးဂန္ထဝင်နည်းပြတွေရဲ့လက်အောက်မှာ ဆုဖလားတွေရယူနိုင်ခဲ့တဲ့အပြင် အသင်းခေါင်းဆောင်ရာထူးပါ ပေးအပ်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းအက်ရှ်လေယန်းကပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ မန်ယူနိိုက်တက် အသင်းဟာ ကျွန်တော့်ကို သူရဲကောင်းတွေနဲ့ အတူတွဲဖက်ကစားခွင့်တွေ ပေးခဲ့ပြီး ဆုဖလာတွေအောင်နိုင်ဖို့နဲ့ သမိုင်းမှာ အကောင်းဆုံးနည်းပြတွေနဲ့ အတူ လက်တွဲခွင့်ရဖို့ အခွင့်အ ရေးတွေပေးခဲ့သလို အသင်းခေါင်းဆောင်လက်ပတ်ကိုလည်း ကျွန်တော့်ကိုပေးအပ်ခဲ့ပါတယ်။ အသင်းရဲ့ သမိုင်းမှာ ၈နှစ်ခွဲ ခန့်ကြာအောင် ပါဝင်ခွင့်ရဖို့ အခွင့်အရေးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ယူနိုက်တက်ပရိသတ်တွေကို ပြောလိုတာကတော့ ကျွန်တော်ကွင်းထဲကို ဝင်လာတိုင်း ဂျာစီဝတ်ဆင်ပြီး အားပေးခဲ့ကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အနိမ့်အမြင့် အတက်အကျတွေ ကြားထဲမှာ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျွန်တော်မမေ့ပါဘူး။ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ ကျွန်တော် ထွက်ခွာလာခဲ့တာပါ။ နောက်ထပ် ပြန်လည်ဆုံချင်ပါသေးတယ်” လို့ အက်ရှ်လေယန်းက တွစ်တာမှာရေးသားသွားခဲ့တာဖြစ်ပါတယ်။

အက်ရှ်လေယန်းဟာ အင်တာမီလန်အသင်းမှာ အသင်းဖော်ဟောင်းတွေဖြစ်ကြတဲ့ လူကာကူ၊ဆန်းချက်ဇ်တို့နဲ့ ပြန်လည် ဆုံတွေ့မှာဖြစ်ပြီး ကျောနံပါတ်၁၅ ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။
Jack ( Sports Reader )