COVID-19 ရောဂါကို ကာကွယ်တွန်းလှန်ရာမှာ အထောက်အပံ့ဖြစ်စေဖို့အတွက် အလီဘာဘာကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ဂျက်မားက မြန်မာနိုင်ငံအပါအဝင် နိုင်ငံ(၁၀)နိုင်ငံကို နှာခေါင်းစည်း ၁.၈ သန်း၊ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာ ၂၁၀၀၀၀ ပေးအပ်လှူဒါန်းသွားမယ်လို့ သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။

မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လာအို၊ မော်လ်ဒိုက်စ်၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာနိုင်ငံတွေကို နှာခေါင်းစည်း၊ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာတွေအပြင် အကာအကွယ်ဝတ်စုံ ၃၆၀၀၀၀ နဲ့ အသက်ရှူစက်တွေ၊ အပူချိန်တိုင်းကိရိယာတွေ ပေးအပ်သွားမယ်လို့ ပြီးခဲ့တဲ့စနေနေ့မှာ ဂျက်မားက ရေးသားထားတာပါ။
Go Asia! We will donate emergency supplies (1.8M masks, 210K test kits, 36K protective suits, plus ventilators & thermometers) to Afghanistan, Bangladesh, Cambodia, Laos, Maldives, Mongolia, Myanmar, Nepal, Pakistan & Sri Lanka. Delivering fast is not easy, but we’ll get it done!
— Jack Ma (@JackMa) March 21, 2020
အာဖရိကနိုင်ငံတွေမှာ COVID-19 ကူးစက်ခံရမှု ပိုများလာတယ်လို့ သတင်းထွက်ပေါ်လာပြီးနောက် အာဖရိကနိုင်ငံတွေအတွက် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာ တစ်သန်းကျော် ပေးအပ်လှူဒါန်းသွားမယ်လို့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဂျက်မားက တွစ်တာပေါ် ရေးသားခဲ့ပါတယ်။
အာဖရိကနိုင်ငံ ၅၄ နိုင်ငံထံ ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ဖြန့်ဖြူးဖို့အတွက် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရေးကိရိယာ ၁.၁ သန်း၊ နှာခေါင်းစည်း ၆ သန်း၊ အကာအကွယ်ဝတ်စုံနဲ့ မျက်နှာအကာ ၆ဝဝဝဝကို အီသီယိုးပီးယားနိုင်ငံထံ ပေးပို့သွားမယ်လို့ ဂျက်မားရဲ့ ပုဂ္ဂလိကဖောင်ဒေးရှင်းက ပြောပါတယ်။
ဂျက်မားဟာ ဆေးပညာသုတေသန အားထုတ်မှုတွေနဲ့ ရောဂါကာကွယ်ရေးလုပ်ငန်းကို ပံ့ပိုးဖို့အတွက် သူ့ရဲ့ဖောင်ဒေးရှင်းကနေတစ်ဆင့် ယွမ်ငွေ သန်း ၁၀၀(အမေရိကန်ဒေါ်လာ ၁၄ သန်း) လှူဒါန်းသွားမယ်လို့ အစောပိုင်းမှာ သူ့ရဲ့ Weibo အကောင့်ကနေ ကြေညာခဲ့ဖူးပါတယ်။
အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေတဲ့ ဂျက်မားဟာ အမေရိကန်ဒေါ်လာ ၄၁ ဘီလျံ ချမ်းသာကြွယ်ဝတယ်လို့ Bloomberg ရဲ့ ဘီလျံနာအညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။
Source: Twitter