Junior Creative အဖွဲ့ကတော့ ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ Myanmar Got Talent ပြိုင်ပွဲကြီးမှာ winner ရရှိခဲ့တဲ့ လူငယ်အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ Shadow art အကအဖွဲ့ဖြစ်ပါတယ်။
သူတို့ကတော့ နိုင်ငံတကာက အနိုင်ရရှိသူပြိုင်ပွဲဝင်တွေကို ရွေးချယ်ဖိတ်ခေါ်တဲ့ America’s Got Talent: the Champion ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဖိတ်ခေါ်ခံခဲ့ရတာဖြစ်ပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ ဒီပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ရန်ကုန်မြို့ကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ America’s Got Talent: the Champion ပြိုင်ပွဲကိုတော့ ဇန်နဝါရီလ ၆ ရက်နေ့မှာ ညနေပိုင်းမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ အမြဲထူးခြားဆန်းသစ်တဲ့ တင်ဆက်မှုတွေပဲ ပြုလုပ်လေ့ရှိတဲ့ Junior Creative အဖွဲ့ကတော့ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတဲ့ စင်မြင့်ထက်မှာ စစ်ပွဲ ပဋိပက္ခတွေကြောင့် ဝေးကွာသွားရတဲ့ မိသားစုတွေရဲ့ အကြောင်းကို Shadow art နဲ့ပြသသွားခဲ့တာဖြစ်ပါတယ်။
“ဒီ shadow art က ကျွန်တော်တို့ဘဝအတွက် အရမ်း unique အဖြစ်ဆုံး ဖန်တီးမှုတစ်ခုပါ။ True Story တစ်ခုကို အခြေခံပြီး ကျွန်တော်တို့ အဖွဲ့သားတွေအားလုံး ရင်ထဲကလာတဲ့ အရာတွေနဲ့ပေါင်းစပ်ထားတာပါ။ အချိန်တွေ၊ ငွေတွေ၊ သွေးနဲ့ချွေးနဲ့မျက်ရည်နဲ့ အများကြီးရင်းထားခဲ့တဲ့ performance ပါ။ ဒီ video ထဲမှာကျွန်တော်တို့နဲ့အတူ ကမ္ဘာပေါ်မှာရှိသမျှ စစ်ပွဲတွေ၊ ပဋိပက္ခတွေကြား ခံစားနေရသူတွေ ကလေးတွေအားလုံးရဲ့ စကားသံတွေ၊ ခံစားချက်တွေပါတယ်။ ကကွက်တိုင်းက သူတို့မျက်ရည်တွေ ခံစားရတာတွေက ဖြစ်လာတာပါ။ ကျွန်တော်တို့ creation ပဲမဟုတ်ပါဘူး။

ငြိမ်းငြိမ်းချမ်းချမ်းနေနေရတဲ့ မိသားစုလေးတစ်စုက ပဋိပက္ခတွေ၊ စစ်ပွဲတွေကြောင့် သားသမီးတွေ မိဘတွေနဲ့ ကွဲကွာခဲ့ရတယ်၊ မောင်နှမသားချင်းတွေ ဝေးကွာခဲ့ရတယ်၊ ဒါပေမယ့် ကြီးပြင်းလာတဲ့အခါ သူမ ခံစားခဲ့ရသလို ကြုံတွေ့နေတဲ့ တခြားသူတွေအပေါ် စာနာနားလည်ပြီး အပြန်အလှန် ကူညီရိုင်းပင်းနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ပုံဖော်ကပြထားတာဖြစ်ပါတယ်။” လို့ သူတို့ရဲ့ ဖေ့ဘွတ်ပေ့ချ်မှာ ရေးသားထားပါတယ်
America’s Got Talent: the Champion ရဲ့ အကဲဖြတ်ဒိုင်တွေအားလုံးကတော့ မြန်မာနိုင်ငံက လူငယ်လေးတစ်စုရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စိတ်ကူးနဲ့ တီထွင်ဆန်းသစ်နိုင်မှုတွေကို ကြည့်ပြီး အံ့သြမဆုံးဖြစ်ခဲ့ရပါတယ်။ ပရိသတ်တွေလည်း Junior Creative ရဲ့ တင်ဆက်ပြသမှုလေးကို ကြည့်လိုက်ပါဦးနော်။
Source: Junior Creative