အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ အခုနှစ် ဘောလုံးရာသီမှာ ဂိုးမြူးနေတယ်လို့ ဆိုနိုင်ပြီး မနှစ်က တရာသီလုံးပေါင်း သွင်းဂိုး ၂၁ ဂိုးထက်လည်း ကျော်လွန်ဖို့ နီးစပ်နေပါတယ်။
ဂျူဗင်တပ်စ်အသင်းအတွက် နောက်ဆုံး ၁၄ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြနေတဲ့ ရော်နယ်ဒိုအတွက် ၂၀၂၀ ပြည့်နှစ်အတွင်း ကလပ်နဲ့ နိုင်ငံအသင်းအတွက် ပွဲတော်တော်များများ ကစားရဖို့ ကျန်ရှိနေသေးတာကြောင့် မက်ဆီရဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား စံချိန်ကို လိုက်မီနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ ဥရောပမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

၁၄ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းယူနိုင်တဲ့ ကစားသမားဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ရော်နယ်ဒိုအပြင် မရှိဘူးလို့ နာမည်ကြီး Goal.com ဖော်ပြထားပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေ ရှိခဲ့လို့ ခြေစွမ်းပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိခဲ့ပြီး ဘလွန်ဒီအောဆုနဲ့လည်း လွဲချော်ခဲ့ရသူ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ စီးရီးအေပွဲစဉ် ၂၀အပြီးမှာ ၁၆ဂိုးသွင်းယူနိုင်တဲ့ ၅ဦးမြောက် ဂျူဗင်တပ်စ်ကစားသမားဖြစ်လာပြီး ၁၉၆၀ ခုနှစ်က ဆီဗိုရီပြီးနောက် ပထမဆုံးကစားသမားဖြစ်လာတာပါ။ သူဟာ ၂၀၀၆-၀၇ ရာသီကတည်းက ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့အတွက် လိဂ်သွင်းဂိုးပေါင်း ၄၁၄ ဂိုးအထိ သွင်းယူပေးထားပြီး ယမန်နှစ်ရာသီကလည်း စီးရီးအေမှာ ၂၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
သူဟာ ဒီနှစ်မှာတော့ သွင်းဂိုး ၁၆ဂိုးနဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာ ဒုတိယနေရာ ရောက်နေပြီး ထိပ်ဆုံးမှာတော့ လာဇီယိုတိုက်စစ်မှူး အီမိုဘီလီက ၂၃ဂိုးအထိသွင်းယူထားကာ ဥရောပရွှေဖိနပ်ဆုအတွက်ပါ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

ဒီလိုရော်နယ်ဒိုက ဂိုးပြန်မြူးနေချိန် ဂျူဗင်တပ်စ်အသင်းကလည်း စီးရီးအေမှာ ချန်ပီယံဖြစ်ဖို့ ပိုမိုနီးစပ်လာပြီး လက်ချီနဲ့ ၁-၁ ဂိုးသရေကျသွားတဲ့ အင်တာမီလန်ကို ၄ မှတ်အထိ ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။
Source: Daily Mail