ယနေ့ မတ်လ ၁၇ ရက်နေ့သတင်းအရ မလေးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကြောင့်သေဆုံးသူ နှစ်ဦးရှိခဲ့ပြီး တစ်ဦးမှာ Sri Petaling religious gathering ကိုတက်ရောက်ခဲ့သူဖြစ်ကာ ထို ဘာသာရေးပွဲနှင့်ဆက်နွယ်ပြီး ကူးစက်ခံရသူမှာ မလေးရှားနိုင်ငံအတွင်း အယောက် ၄၀၀ ရှိပါပြီ။

ယခုသေဆုံးသူ မှာ အသက် ၃၇နှစ်အရွယ် ဖြစ်ပြီး မလေးရှားရဲ့ ၁၇၈ ဦးမြောက်ကူးစက်ခံရသူဖြစ်ကာ သူတက်ရောက်ခဲ့တဲ့ ဘာသာရေးပွဲဟာ မြို့တော်ကွာလာလမ်ပူမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ မတ်လ ၁ ရက်နေ့အထိကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
သူ့ကို ရောဂါသံသယအခြေအနေနဲ့ မတ်လ ၅ ရက်နေ့က ဂျိုဟိုးရှိဆေးရုံတွင် စတင်ကုသခဲ့ပြီး အခြေအနေတဖြည်းဖြည်းဆိုးရွားလာခဲ့ကာ ယနေ့ မတ်လ ၁၇ ရက်နေ့မှာဆုံးပါးသွားခဲ့တာပါ။ ဒါ့အပြင်သေဆုံးသူ ဟာ ယခင်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိမနေဘူးလို့လည်း သိရပါတယ်။
ယနေ့ အခြားသေဆုံးသူတစ်ဦးကတော့ အသက် ၆၀ အရွယ် ခရစ်ယာန်တရားဟောဘုန်းကြီးတစ်ဦးဖြစ်ပါတယ်။ သူကတော့ မလေးရှားရဲ့ ၃၅၈ ဦးမြောက်လူနာဖြစ်ကာ ယခင်က ဆီးချိုနဲ့ သွေးတိုးရောဂါအခံရှိသူပါ။ သူဟာ မတ်လ ၇ရက်နေ့ကတည်းက အသက်ရှူရခက်ပြီးချောင်းဆိုးတာတွေဖြစ်နေပေမဲ့ မတ်လ ၁၄ ရက်နေ့မှ ဆေးရုံတက်ခဲ့တာဖြစ်ပြီး အခြေအနေက လွန်သွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ယနေ့မှာပဲ အသစ်ကူးစက်ခံရသူ ၁၂၀ဦးရှိကာ မလေးရှားနိုင်ငံအတွင်းကူးစက်ခံရသူစုစုပေါင်း ၆၇၃ဦးရှိပြီလည်းဖြစ်ပါတယ်။ အသက် ၃၇အရွယ်သေဆုံးသူအမျိုးသားတက်ရောက်ခဲ့သော ဘာသာရေးပွဲဟာ လူပေါင်း ၁၆,၀၀၀ လောက်တက်ရောက်ခဲ့တာဖြစ်ပြီး ဆက်စပ်လူနာတွေဟာ စင်ကာပူ ၊ဘရူနိုင်း နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာပါ တွေ့နေရပါတယ်။ ဒါ့ကြောင့် နိုင်ငံတွင်း ဝတ်ပြုဆုတောင်းပွဲတွေကို မတ်လ ၁၇ ရက်နေ့မှာ မတ်လ ၂၆ ရက်နေ့အထိ ပိတ်ပင်ထားမှာဖြစ်တယ်လို့ ဝန်ကြီးများရုံးဝန်ကြီး Zulkifli Mohamad Al-Bakri ကဆိုပါတယ်။
ဒါ့အပြင် မနေ့က မတ်လ ၁၇ရက်နေ့မှာ ဝန်ကြီးချုပ်အသစ်က မတ်လ ၁၈ ရက်နေ့မှာအသက်ဝင်မယ့် တင်းကျပ်တဲ့ ခရီးသွားလာခွင့်ကို ထုတ်ပြန်ခဲ့တာကိုလည်း သိရှိပြီးဖြစ်မှာပါ။ ထိုအထဲမှာ စင်ကာပူနိုင်ငံအတွင်းသို့ နေ့စဉ်ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံသားတွေအတွက် အခက်တွေ့စေရုံမျှမက ထို ထုတ်ပြန်ချက်ဟာ ဘာသာရေးပွဲတွေ ၊ အားကစား ပွဲတွေကိုပါ တင်းတင်းကျပ်ကျပ်တားမြစ်ထားတာတွေ့ရပါတယ်။
ယခုထုတ်ပြန်ချက်ကို ပထမအကြိမ်ချိုးဖျက်သူကို ထောင်ဒဏ် ၂နှစ်အထိနဲ့ ဒဏ်ငွေသော်လည်းကောင်း ၊ ဒုတိယအကြိမ်ထပ်မံကျူးလွန်သူကို ထောင်ဒဏ် ၅နှစ်အထိနဲ့ ဒဏ်ငွေကိုလည်းကောင်းပေးဆောင်ရမယ်လို့လည်း ပါရှိပါတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source – CNA