အင်္ဂလိပ် ပရီမီယာ လိဂ် ဘောလုံးချန်ပီယံ အသင်းဖြစ်တဲ့ မန်ချက်စတာ စီတီး အသင်းကို ဥရောပ ပွဲစဉ်တွေမှာ ဘောလုံး ရာသီ နှစ်ရာသီကစားခွင့်ကို ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA က ပိတ်ပင်လိုက်ပြီး ဒေါ်လာ သန်း ၃၀ ကျော် ဒဏ်ကြေး ချမှတ်လိုက်ပါတယ်။
မန်ချက်စတာ စီးတီးအသင်းဟာ ငွေကြေးသုံးစွဲမှု စည်းမျဉ်းတွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့မှု၊ တာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းလိုက်နာဖို့ ပျက်ကွက်ခဲ့မှုတွေနဲ့ ပြစ်မှုထင်ရှားကြောင်း UEFA ရဲ့ ခုံရုံးအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။

နိုဝင်ဘာလတုန်းက ကြားနာစစ်ဆေးခဲ့မှုကနေ ပေါက်ကြားပေါ်ထွက်လာတဲ့ သတင်းတွေအရ မန်ချက်စတာ စီတီးအသင်းကို စပွန်ဆာ ပေးနေတဲ့ အက်သိဟက် လေကြောင်းလိုင်းရဲ့ ငွေအများစုဟာ အသင်း ပိုင်ရှင် အဘူဒါဘီ စော်ဘွား ရှိတ်ခ် မန်ဆူရ် ဆီက လာတာလို့ သိရပါတယ်။
မန်ချက်စတာ စီတီးအသင်းကတော့ ဆွစ်ဇာလန်နိုင်ငံ လူဇန်းမြို့က အားကစား သမာဓိခုံရုံးမှာ အယူခံ ဝင်ဖို့ ရှိနေပါတယ်။
Source: BBC