မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်အများစုဟာ လာမယ့်ဖေဖော်ဝါရီ၁ရက်မှာ ယှဉ်ပြိုင် ကစားဖို့ရှိတဲ့ ဝုဗ်ဗာဟမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းတာဝန်ရှိသူတွေကို ဆန္ဒပြ ဖို့ စီစဉ်နေကြတယ်လို့ Mirror သတင်းစာကို ကိုးကားပြီး ဒေးလီးမေးလ်သတင်းစာကဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းပရိသတ်တွေဟာ ပြီးခဲ့တဲ့တစ်ပတ်ကကစားခဲ့တဲ့ ပရီးမီးယာလိဂ်ပွဲစဉ်မှာ ဘန် လေအသင်းကို အိမ်ကွင်းမှာပဲ ၂ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရပြီး အသင်းရဲ့ ခြေစွမ်းနဲ့ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမူအပေါ်မှာ ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။

အသင်းပရိသတ်အများစုဟာ ဘန်လေအသင်းနဲ့ ပွဲမပြီးခင်အချိန်မှာပဲ ကွင်းထဲကနေ ထွက်ခွါသွားကြ ပြီး အသင်းအပေါ်မှာ အားပေးချင်စိတ်ကုန်ခမ်းသွားခဲ့ရတယ်လို့ ဆိုပါတယ်။ လာမယ့်ဖေဖော်ဝါရီလ ၁ရက်မှာကစားမယ့် ဝုဗ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာတော့ ပွဲချိန် ၅၈မိနစ်မှာ ကွင်းထဲမှာပဲ ဆန္ဒပြဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ၅၈မိနစ်အတိမှာ ဆန္ဒပြဖို့ ပြင်ဆင်ထားတာက ၁၉၅၈ ခုနှစ် မြူးနစ် လေယာဉ်ပျက်ကျ မူအထိမ်းအမှတ်အနေနဲ့ဖြစ်ပြီး အဆိုပါ ဆန္ဒပြမူကနေ အသင်းတာဝန်ရှိသူတွေ ကို ဖိအားပေးဖို့ ရည်ရွယ်တာလို့သိရ့ါတယ်။

မန်ယူနိုက်တက်အသင်းပရိသတ်အများစုဟာ အသင်းအတွက် ကစားသမားကောင်းတွေခေါ်ယူပေးဖို့ ပျက်ကွက်နေတဲ့ အမေရိကန် အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုကို ဒေါသထွက်နေတာပါ။ ဒါ့အပြင် စီမံခန့် ခွဲမူ အလွဲတွေရှိတယ်လို့ ယူဆထားတဲ့ အသင်းဒုတိယဥက္ကဋ္ဌ အက်ဒ်ဝုဒ်ကိုလည်း အဓိက ပစ် မှတ်ထားပြီး ဆန္ဒပြကြမှာဖြစ်တယ်လို့သိရပါတယ်။

ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့ မှာ အက်ဖ်အေဖလားပွဲစဉ်အဖြစ် ထရမ်မဲ ရိုဗာအသင်းနဲ့ ကစားရဖို့ရှိပြီး ဇန်နဝါရီ ၃၀ရက်မှာ တော့ မန်စီးတီးအသင်းနဲ့ ကရာဘောင်းဖလားဆီမီးဖိုင်နယ်အဖြစ် ကစားရမှာဖြစ်ပါတယ်။
Jack ( Sports Reader )