၂ရက်ကြာလာရောက်လည်ပတ်မည့် တရုတ်သမ္မတရှီ၏ မြန်မာပြည်ခရီးစဉ် ကို တရုတ်နိုင်ငံခြားရေးပြောခွင့်ရတရားဝင်ကြေညာလိုက်ပြီဖြစ်သည်။
မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ Mr. Xi Jinping သည် ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၈ အထိ မြန်မာနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ms. Hua Chunying က ကြေညာလိုက်ခြင်းဖြစ်သည်။

အနှစ်၂၀ကာလအတွင်း တရုတ်သမ္မတတစ်ဦး မြန်မာနိုင်ငံသို့ ပထမဦးဆုံးလာရောက်မည့်ခရီစဉ်တစ်ခုလည်းဖြစ်သည်ဟုသိရသည်။
တရုတ်သမ္မတရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အခုလို အတည်ပြုပြောကြားပါတယ်။
“ တရုတ်သမ္မတကြီးနဲ့ အဖွဲ့ ဒီမှာရောက်မယ်ပေါ့။ လူကြီးတွေရောက်ရင်တော့ အပြန်အလှန် နားလည်စာချုပ်ကတော့ ထိုးကြတာပေါ့လေ။ သူကြေညာပါလိမ့်မယ် စီးပွားရေးအပြန်အလှန်ပူးပေါင်းဆောင်ရွက်တာတွေ ဒီပြင် လုပ်ငန်းအပြန်အလှန်လုပ်တာတွေ၊ ဖွံ့ဖြိုးရေးနဲ့ ရင်းနှီးမြှုပ်နှံတဲ့ စာချုပ်တွေ ထိုးကြမှာပေါ့နော် လူကြီးတွေကတော့။ အားလုံးကတော့ ကောင်းတဲ့အရာတွေ ပါပဲ။ တရုတ်ဘက်ကလည်း အန်ကယ်တို့ ကုန်စည်တွေ ဝယ်တဲ့အခါမှာ သူတို့ရဲ့ အထွေထွေ ကန့်သတ်ချက်ထားတာတွေ ဖြေလျော့တာတွေ ရှိပါတယ်။ ဒါကတော့ ကုန်သွယ်ရေးကတော့ တိုးတက်လာမယ့် အလားအလာရှိပါတယ်။”
တရုတ်သမ္မတခရီးစဉ်အတွင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ဒုတိယအဆင့် သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ရှိပြီး တရုတ်က ယခင် တရားဝင်တင်ပို့ခွင့်မပေးတဲ့ မြန်မာထွက်ကုန် ဥပမာ ဆန် စတဲ့ထွက်ကုန်တွေကို တရားဝင်တင်သွင်းခွင့်ရရေး ညှိနှိုှုင်းဖို့ရှိတယ်လို့လည်း သိရပါတယ်။
ကျောက်ဖြူရေနက်စီမံကိန်းဆိုရင် ယခင် အစိုးရလက်ထက်က တရုတ်က ၈၅ ရာခိုင်နှုန်းနဲ့ မြန်မာ ၁၅ ရာခိုင်နှုန်းအကျိုးခံစားခွင့်ချုပ်ဆိုထားမှုကို အန်အယ်လ်ဒီအစိုးရလက်ထက်မှာ မြန်မာအတွက် ၃၀ ရာခိုင်နှုန်းအထိ အကျိုးခံစားခွင့်ရဖို့ စာချုပ်ပြင်ချုပ်တာကို တရုတ်အစိုးရက လိုက်လျောခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်လာ ၇ ဘီလျံနဲ့ အကောင်အထည်ဖော်ဖို့မူလစီစဉ်ထားတာကနေ လျှော့ချပြီး ဒေါ်လာ ၁ ဘီလျံနဲ့ အကောင်အထည်ဖော်ဖို့ကိုလည်း တရုတ်အစိုးရက အန်အယ်လ်ဒီအစိုးရကို လိုက်လျောခဲ့တာဖြစ်ပါတယ်။