နယူးယောက်တစ်မြို့ထဲတွင် တစ်ရက်တာအတွင်း COVID-19 အတည်ပြုမှု ၁၆၄၄ ခုကို စံချိန်တင် စစ်ဆေးတွေ့ရှိခဲ့ပြီး၊ ကြာသပတေးနေ့ ညနေအထိတွင် စုစုပေါင်း အတည်ပြုလူနာ ၃၆၁၅ ဦးရှိလာသဖြင့် ယခုအတိုင်းသာဆက်သွားနေပါက လာမည့် ရက်သတ္တနှစ်ပတ် သုံးပတ်တာအတွင်း နယူးယောက်တွင် ဆေးပစ္စည်းများ ပြတ်လပ်သွားနိုင်ကြောင်း နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလာဆီယိုက ပြောကြားသည်။
ကြာသပတေးနေ့မွန်းလွဲပိုင်းကပြုလုုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခြင်းဖြစ်သည်။

နယူးယောက်မြို့တော်က အသက်ရှုပံ့ပိုးမှုကိရိယာ(Ventilators) ၁၅၀၀၀၊ N95 နှာခေါင်းစည်း ၃သန်း၊ ခွဲစိပ်ခန်းသုံး နှာခေါင်းစည်း သန်း ၅၀ နှင့် တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်ရုံ လက်အိပ်အစရှိသည်တို့ ၂၅သန်းကို အစိုးရထံ တောင်းဆိုထားသည်။
”ဟောဒီမတ်လအတွက် ကျွန်တော် ရှင်းရှင်းပြောတာပါ။ ဒီလအတွက်တော့ ကျွန်တော်တို့မှာ ဆေးပစ္စည်းတွေအလုံအလောက်ရှိပါသေးတယ်။ ဒါပေမယ့် ဧပြီလထဲအထိ ဒီလိုပဲဆက်ဖြစ်နေမယ်ဆိုရင်တော့ အဲဒီအတွက် ကျွန်တော် စိတ်ပူလာပါပြီ။ နေ့တိုင်း ကျွန်တော်တို့ ဒါတွေကို သုံးနေရတာ။ အခုကနေ နောက် ၂ပတ် ဒါမှမဟုတ် ၃ပတ်လောက်ဆိုရင်တော့ ကျွန်တော်တို့ကို ထပ်ပြီးထောက်ပံ့ပေးဖို့လိုပါတယ်”ဟုု နယူးယောက်မြို့တော်ဝန်က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

”နယူးယောက်မှာ COVID-19 ပေါက်ကွဲမှုတွေကို တွေ့နေရပါတယ်။ အသစ်တွေ့ရှိမူတွေဟာ အင်မတန် စိတ်မကောင်းစရာဖြစ်နေပါတယ်”ဟုလည်း သူကပြောသေးသည်။
လက်ရှိတွင် နယူးယောက်မြို့၏ COVID-19 အတည်ပြုမှုအရေအတွက်သည် ဗြိတိန်တစ်နိုင်ငံလုံးတွင် တွေ့ရှိထားသော အရေအတွက်ထက် ပိုမိုများပြားလာနေသည်။

ကြာသပတေးနေ့ ညနေအထိ သိရသော အချက်အလက်များအရ ဗြိတိန်နိုင်ငံတွင် COVID-19 အတည်ပြုမှု ၂၆၂၆ ရှိပြီး နယူးယောက်မြို့တွင် အတည်ပြုမှု ၃၆၁၅ ရှိနေပြီး နယူးယောက်ပြည်နယ်တစ်ခုလုံးတွင် ၄၁၅၂ မှုရှိနေသည်။ ယင်းသည် အမေရိကန်ပြည်ထောင်စုတစ်ခုလုံးတွင် တွေ့ရှိထားသော အတည်ပြုလူနာ အရေအတွပ် ၁၃၅၇၂ ၏ လေးပုံတစ်ပုံထက်ပင်ပိုနေကြောင်းသိရသည်။

အမေရိကန်သမ္မတအိမ်ဖြူတော်ရှိရာ ၀ါရှင်တန်မြို့တွင်လည်း COVID-19 အတည်ပြုမှု ၁၀၂၆ ရှိနေပြီဖြစ်ကြောင်းသိရသည်။
Source: Daily Mail