ချင်းပြည်နယ်ရဲ့ ပထမဆုံး လေဆိပ်ဖြစ်တဲ့ ဆာဘမ်း လေဆိပ်ကို ဖလမ်းမြို့နယ်အတွင်း၊ လာမယ့် မေလကုန်ပိုင်းမှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။
ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်နေတဲ့ ချင်းပြည်နယ်မှာ ခရီးသွားလုပ်ငန်း တိုးတက် ဖွံ့ဖြိုးလာအောင် ကျပ်ငွေ ၃၇ ဘီလျံ ကုန်ကျတဲ့ လေဆိပ်ကို ဖွင့်လှစ်မှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ စတင်တည်ဆောက်ပြီး၊ ၂၀၂၂ ခုနှစ်မှာ အပြီးသတ်ဖို့ဖြစ်ပေမယ့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ရဲ့ တိုက်ရိုက်ညွှန်ကြားမှုနဲ့ စောစောပြီးစီးခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။
ဒီလေဆိပ်ကြောင့်လှပတဲ့ ရေမြေသဘာ၀ ရှုခင်းတွေ ရှိရာချင်းပြည်နယ်နဲ့ ဆက်သွယ်ရေး ပိုမိုကောင်းမွန် မြန်ဆန်လာမှာဖြစ်ပြီး၊ အထူးသဖြင့် ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာမယ်လို့ မျှော်လင့်ရပါတယ်။

ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ်တည်ဆောက်ပြီးစီးပါက ချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက်အဖြစ် ဖွံ့ဖြိုးတိုးတက်လာကာ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ချင်းပြည်နယ်သို့ အချိန်တိုတိုအတွင်း လာရောက်လည်ပတ်နိုင်မည်ဖြစ်ပြီး ATR – 72 လေယာဉ်များ ဆင်းသက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုလေဆိပ်သည် ချင်းပြည်နယ်၏ အလယ်ပိုင်းတွင်တည်ရှိပြီး အဆိုပါ လေဆိပ်မှ ဖလမ်းမြို့၊ လုံပီးတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ရိဒ် ရေကန်စသည့် နေရာများသို့လည်း ချိတ်ဆက်ပြီး သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာလေဆိပ် သုံးခု၊ ပြည်တွင်းလေဆိပ် ၅၈ ခုရှိပေမယ့် လက်ရှိမှာ လေဆိပ် ၃၁ ခုသာ ဖွင့်လှစ်အသုံးပြုနေတယ်လို့ သိရပါတယ်။