ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး သမ္မတအိမ်တော်တွင် ယနေ့အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည် ဟု Eleven Media ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားကြောင်း သိရပါတယ်။

မတ် ၁၆ ရက် (ယနေ့) တွင် အစည်းအဝေး ပြုလုပ်မည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ဆက်လက်လုပ်ဆောင်မည့် အခြေအနေများကို ဆုံးဖြတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးနိုင်ငံလင်းက ဆက်လက်ပြောခဲ့တယ်လို့ ဆိုပါတယ်။
“ဒီနေ့က သမ္မတအိမ်တော်မှာ COVID-19 နဲ့ ပတ်သက်ပြီး အစည်းအဝေးတစ်ခု ခေါ်ထားတယ်။ အဲဒီအစည်းအဝေးမှာ ဘာတွေညွှန်ကြားဦးမလဲ မသိဘူး။ အဲဒီညွှန်ကြားချက်ပေါ် မူတည်ပြီး ဆောင်ရွက်မှာပါ” ဟု ဦးနိုင်ငံလင်းက ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်း မရှိစေရန် အစိုးရက ပြုလုပ်သည့် လူစုလူဝေး အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို ဧပြီ ၃၀ ရက်အထိ ပြုလုပ်မည် မဟုတ်ကြောင်း၊ လိုအပ်ပါက ရပ်ဆိုင်းကာလကို ထပ်မံတိုးမြင့်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။
Ref: Eleven Media