ထိုစည်းမျဉ်းအရ စင်ကာပူနိုင်ငံတွင်းသို့ဝင်ရောက်မည့် လွန်ခဲ့တဲ့ ၁၄ရက်က အရှေ့တောင်အာရှနိုင်ငံများကိုသွားရောက်ခဲ့ဖူးသော၊ ဂျပန်၊ ဆွဇ်ဇာလန် နဲ့ ဗြိတိန်နိုင်ငံတို့ကို သွားရောက်ခဲ့သူအားလုံးကို နိုင်ငံတွင်းသို့ဝင်ခွင့်ပေးမည်ဖြစ်သော်လည်း ၁၄ ရက်တိတိ ပြင်ပနှင့်မဆက်သွယ်ရပဲ အခန်းအောင်းနေရမှာဖြစ် ပါတယ်။

ထိုစည်းမျဉ်းဟာ မနက်ဖြန် ၁၆ရက်နေ့ ညနေ ၁၁နာရီ ၅၉မိနစ်မှ စတင်ပြီးအသက်ဝင်မှာဖြစ်တယ်လို့ တရားဝင်ကြေငြာလိုက်ပါတယ်။ သို့ပေမယ့် အိမ်နီးချင်းနိုင်ငံ မလေးရှားမှ ဝင်ရောက်လာမယ့်သူတွေအတွက်တော့ သီးသန့်ထုတ်ပြန်ချက်တစ်ရပ်ချမှတ်သွားမယ်လို့ စင်ကာပူ အစိုးရပြောရေးဆိုခွင့် ရှိသူ Lawrence Wong ကယနေ့ညနေကပဲ ထုတ်ပြန်ပါတယ်။
ယခုလိုထုတ်ပြန်ရခြင်းအကြောင်းကတော့ လွန်ခဲ့တဲ့ သုံးရက်အတွင်း စင်ကာပူနိုင်ငံတွင် ရောဂါသစ်ကူးစက်သူ ၂၅ဦးထက်မနည်းတွေ့ရှိခဲ့ရပြီး သုံးပုံနှစ်ပုံဟာ ယခင်ခြေရာခံစုံစမ်းထားတဲ့ကွင်းဆက်ထဲက မဟုတ်တာတွေ့နေရလို့ပါ။ ဒါ့အပြင်ကူးစက်ခံရသူ စင်ကာပူနိုင်ငံသားနဲ့ Long term pass holders တွေဟာ နိုင်ငံရပ်ခြားက မကြာသေးမီကမှပြန်လာတဲ့သူတွေဖြစ်နေတာလည်း ပါပါတယ်။
ထို ၁၄ ရက် အိမ်တွင်းအောင်းရမယ့် ဥပဒေအသစ်ဟာ စင်ကာပူနိုင်ငံသား၊ အမြဲတမ်းနေထိုင်ခွင့်ရရှိသူနဲ့ တရားဝင်အလုပ်လုပ်နေသူ ၊ ကျောင်းတက်နေသူတို့ကို သက်ရောက်ပါတယ်။ ထိုသူတွေဟာ နိုင်ငံတွင်းကို ဝင်ဝင်ခြင်း သူတို့နေထိုင်တဲ့ လိပ်စာအတိအကျကို ပေးရမှာဖြစ်ပြီး ရှောင်တခင် စစ်ဆေးမှုတွေ မကြာခဏ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများမှ လာမယ့်သူတွေ အတွက်ကတော့ ၁၄ ရက်အိမ်တွင်းအောင်းရမည့်အပြင် လွန်ခဲ့တဲ့ ၁၄ရက်က သူတို့ရဲ့ကျန်းမာရေးအခြေအနေကို ဖော်ပြတဲ့ ထောက်ခံစာလည်း စင်ကာပူကျန်းမာရေးဌာနကို ပြသဖို့လိုအပ်ပါတယ်။ ဒါမှသာ နိုင်ငံတွင်းကို ဝင်ခွင့်ပေးမှာလည်းဖြစ်ပါတယ်။ သို့မဟုတ်ပါက ချက်ချင်းပြန်လွှတ်မည်ဖြစ်ပါတယ်။ ဒါ့အပြင်စင်ကာပူနိုင်ငံကို ဆေးကုသဖို့လာမည့်သူတွေအတွက်လည်း ယခုလောလောဆယ်မှာ နိုင်ငံတွင်းဝင်ခွင့်ပေးမည်ဖြစ်သော်လည်း တကယ့်တကယ်အရေးကြုံပါက စင်ကာပူနိုင်ငံသားတွေကိုသာဦးစားပေးရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်
။ဒီလိုဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး အားနာပေမယ့် စင်ကာပူဟာ တကယ်အရေးကြုံလာပါက နိုင်ငံသားတွေကို အပြည့်အဝစောင့်ရှောက်ဖို့သာ လုံလောက်တဲ့ ဆေးဝန်ထမ်းအင်အားရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ယခုထုတ်ပြန်ချက်ဟာအနည်းဆုံးရက် ၃၀ သက်ရောက်မှုရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source – CNA