ဟင်္သာတတက္ကသိုလ်အနီး လူသတ်အလောင်းဖျောက်မှုမှ ကျန်းမာရေးမှူးအား မသေမချင်း ကြိုးကွင်းစွပ်သတ်ရန်နှင့် ကြံရာပါမိန်းကလေးအား အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
အဆိုပါအမှုကို ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်က ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ ဖြင့် ရဲက တရားစွဲဆို တင်ပို့ထားခြင်းဖြစ်ပြီး တရားရုံး၌ သုံးနှစ်ကိုးလကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီ ၁၃ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
“(၁) တရားခံ သန်းဇော်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) အရ သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး (၂) တရားခံ မနှင်းပွင့်ဖြူ (ခ) နှင်းချယ်ရီကိုတော့ ရာဇသတ်ကြီးပုဒ်မ ၂၀၁ (ပထမပိုင်း) အရ အလုပ်နှင့် ထောင်ဒဏ် (၇) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။ သေဒဏ်အမိန့်ချမှတ်တဲ့အခါမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၆၈ ပုဒ်မခွဲ (၁) အရ လူတစ်ဦးတစ်ယောက်ကို သေဒဏ်ချမှတ်တဲ့အခါမှာ မသေမချင်း ကြိုးကွင်းစွပ်သတ်ရမယ်လို့ ညွှန်ကြားရမယ်ဆိုတာ ပြဌာန်းထားတာရှိပါတယ်။ ဒါကြောင့်မို့လို့ (၁) တရားခံ သန်းဇော်ကို သေဒဏ်ချမှတ်တဲ့အခါမှာ ၎င်းတရားခံကို မသေမချင်းလည်ပင်း ကြိုးကွင်းစွပ်၍ သတ်ရမည်ဟု ညွှန်ကြားတဲ့အမိန့်ကို ထည့်သွင်းချမှတ်တာဖြစ်ပါတယ်”ဟု ဟင်္သာတခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးအောင်သိန်းဦးက ဖြေကြားသည်။
ယင်းအမှု၌ တရားခံ (၂) ဦးမှာ မည်သို့မည်ပုံကျူးလွန်ခဲ့ကြသည်ကို ဖြေကြားပေးပါရန် မေးမြန်းချက်အပေါ် ဒုတိယခရိုင်တရားသူကြီးက ဆောင်ရွက်ရန်ကိစ္စရပ်များရှိသဖြင့် မအားလပ်ခြင်းကြောင့် ဇန်နဝါရီ ၁၄ ရက်မှ ဖြေကြားပေးနိုင်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ်၊ မတ်လ ၃ ရက်၊ နံနက် ၉ နာရီခွဲခန့်အချိန်က ဟင်္သာတတက္ကသိုလ်အနီး ချစ်သူလမ်းကြားနံဘေး လယ်ကွင်းစပ်၌ လယ်ပိုင်ရှင်က မသင်္ကာဖွယ်ရာအနေအထား တွေ့ရှိခဲ့ပြီးနောက် တာဝန်ရှိသူများက တူးဖော်ခဲ့ရာမှ အဆိုပါလူသတ်အလောင်းဖျောက်မှုမှ လူသေအလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါနေရာ၌ တူးဖော်ခဲ့စဉ်က မြို့နယ်တရားသူကြီးနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများ၊ ဆရာဝန်အပါအဝင် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ လာရောက်ခဲ့ပြီး နေ့လည် ၁၁ နာရီ ၁၅ မိနစ်မှစတင်၍ နှစ်နာရီခန့်ကြာတူးဖော်ခဲ့ပြီးနောက် အရိုးကျခါစ အလောင်းကိုတွေ့ရှိခဲ့သည်။
အလောင်းကို တူးဖော်တွေ့ရှိခဲ့စဉ်က အရိုးကျခါစအနေအထားရှိနေသဖြင့် မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်းနိုင်ခြင်းမရှိခဲ့ဘဲ စုံစမ်းစစ်ဆေးမှုများပြုလုပ်အပြီး ၂၀၁၆ ခုနှစ် မတ် ၇ ရက်တွင်မှ မရမ်းလေးကျေးရွာ မူလတန်းကျောင်းမှ မူလတန်းပြဆရာ ဦးအေးနိုင်၏ ရုပ်အလောင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့သည်။
Source: EMG