ကိုရိုနာ ကပ်ရောဂါနဲ့ ပတ်သက်ပြီးတော့ ဒီက တာဝန်ရှိသူတွေနဲ့ တတ်သိသူတွေက ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေ မျှဝေပေးနေပါတယ်။ တစ်ဖက်မှာလည်း စိစစ်မှုအားနည်းတဲ့ ကောလဟလတွေက ပျံ့နှံ့မှု ရှိနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အဆိုတော်တစ်ယောက် ဝေမျှထားတာလေး တစ်ခု ရှိပါတယ်။ သူအခြေခံရေးထားတာကတော့ အွန်လိုင်းမှာ ပျံ့နေတဲ့ Infographic တစ်ခုအပေါ်မှာပါ။ အဲ့ဟာက တခြားနိုင်ငံတွေမှာလည်း လူမှုကွန်ရက်တွေမှာ ပျံ့နေတာပါ။ ကိုရိုနာနဲ့ ပတ်သက်ပြီး သတင်းမှား ပျံ့နှံ့မှုက ကျနော်တို့ နိုင်ငံမှာပါ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံတွေမှာလည်း ဖြစ်ပါတယ်။ လူတွေဟာ စိုးထိတ်မှုတွေနဲ့အတူ သတင်းမှား ပျံ့နှံ့မှုတွေကို ယုံကြည်တတ်ကြတဲ့သဘောပါပဲ။
အဲ့ဒီ Infographic က နှစ် ၁၀၀ မှာ တစ်ကြိမ် ကမ္ဘာ့ကပ်ရောဂါ ဖြစ်တယ်ဆိုတဲ့အတွေးကို ထည့်ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ၂၀၂၀ မှာ ဘယ်လိုဖြစ်ဖြစ် ကပ်ရောဂါ ဖြစ်ရမယ်ဆိုတဲ့ Concept ကို ပေးပါတယ်။ Infographic ရဲ့ ဖော်ပြမှုမှာ ၁၇၂၀ မှာ ပလိပ်ရောဂါ၊ ၁၈၂၀ မှာ ကာလဝမ်းရောဂါ၊ ၁၉၂၀ မှာ စပိန်တုတ်ကွေးနဲ့ ၂၀၂၀ မှာ ကိုရိုနာ ဆိုပြီး ပါဝင်ပါတယ်။ အဲ့ဒီကနေ စပ်ဆက်သတင်းတွေမှာလည်း ကိုဗစ်ကြောင့် လူတွေ ခရီးအသွားအလာနည်းလို့ ဘယ်ကမ်းခြေလေးကတော့ ဘယ်လိုနည်းနည်း ပြန်လည် နလန်ထလာတယ်၊ ဘာညာဆိုပြီး ပျံ့နှံ့လာတယ်။
ဒီ Infographic က ကမ္ဘာ့ကပ်ရောဂါဟာ Pattern တစ်ခုလိုမျိုး ကမ္ဘာနဲ့ လူတွေကို ထိန်းကျောင်းနေတယ်ဆိုတဲ့ သဘောတရားကို ဝေမျှထားတာဖြစ်ပေမယ့် ရောဂါကုသရေးမှာ ဒီလို မရေရာတဲ့ ကောလဟလတွေဟာ အနှောင့်အယှက်သဘော ဖြစ်စေပါတယ်။ အဲ့ဒီ Infographic ရဲ့ Concept ဟာ မှားယွင်းကြောင်းကို AFP ပြင်သစ်သတင်းဌာနရဲ့ အချက်အလက်စစ်ဆေးမှု လုပ်ငန်းစဉ်က ဖော်ထုတ်ပေးခဲ့ပါတယ်။ ဆေးပညာရှင်တွေ၊ WHO က တာဝန်ရှိသူတွေနဲ့ အချက်အလက် စစ်ဆေးမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ကျနော်တို့ဟာ ဘယ်အရာကိုမှ အသေအချာ ယုံကြည်လို့ မရပေမယ့် ဒီကိစ္စမှာတော့ ကမ္ဘာ့ထိပ်တန်းဆေးပညာရှင်တွေ၊ WHO လို အဖွဲ့အစည်းတွေ၊ ကမ္ဘာ့ကပ်ရောဂါဖြစ်စဉ် မှတ်တမ်းတွေကို ပိုမိုအားကိုးဖို့ လိုအပ်ပါတယ်။
Infographic မှာ ပလိပ်ရောဂါဟာ ၁၇၂၀ မှာ ဖြစ်တယ်လို့ ဖော်ပြထားပေမယ့် တကယ်ပထမဆုံး စဖြစ်ခဲ့တာက ၁၃၄၇ ကနေ ၁၃၅၁ အထိဖြစ်လို့ နှစ် ၄၀၀ လောက် နောက်ကျဖော်ပြမှုပဲ ဖြစ်ပါတယ်။ ပလိပ်ရောဂါဟာ ဘတ်တီးရီးယားကနေ ဖြစ်ပြီး ဗိုင်းရပ်လို ကူးစက်ပြီး ဖြစ်တာလည်း မဟုတ်လို့ လက်ရှိ ကိုရိုနာနဲ့ ရောဂါဖြစ်ပုံ Pattern လည်း မတူပါဘူး။

100000 deaths
နောက်ကာလဝမ်းရောဂါဟာ ၁၈၂၀ မှာ ဖြစ်တယ်လို့ Infographic က ဖော်ပြတယ်။ တကယ်က ၁၈၁၇ ကနေ ၁၉၂၃ အထိ ကမ္ဘာမှာ ခြောက်ကြိမ် ဖြစ်ခဲ့ပါတယ်။ အဲ့ဒါဟာလည်း ဘတ်တီးရီယားကြောင့် ဖြစ်တာပါပဲ။ နောက် ခုနစ်ကြိမ်မြောက် ကာလဝမ်းရောဂါဟာ ၁၉၆၁ မှာ ဖြစ်ပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ စင်တာရဲ့ အချက်အလက်တွေအရ စပိန်တုတ်ကွေးဟာ ၁၉၁၈ မှာ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီခုနှစ်တွေမှာလည်း ကာလဝမ်းရောဂါတွေ ခြောက်ကြိမ်ဆက်တိုက်ဖြစ်မှုရဲ့ နောက်ဆုံးအကြိမ်တွေ ရှိနေပါသေးတယ်။
ပြီးခဲ့တဲ့ ရာစုနှစ်ထဲမှာပဲ ကမ္ဘာမှာ အီဘိုလာ၊ ဆားစ်၊ အေအိုင်ဒီအက်စ် စတဲ့ ကပ်ရောဂါဆိုးများစွာ ဖြစ်ပွားခဲ့ပါတယ်။

ဆေးသိပ္ပံပညာရှင်တွေကတော့ ဒီကပ်ရောဂါတွေဟာ Pattern အနေနဲ့ ဖြစ်နေတာ မဟုတ်ဘူး။ တချို့ ဗိုင်းရက်စ်တွေကတော့ ရာသီအလိုက်ဖြစ်တတ်တဲ့ သဘာဝတော့ ရှိတယ်လို့ ဆိုကြတယ်။
AFP ရဲ့ အချက်အလက် စစ်ဆေးမှုမှာ WHO ရဲ့ တာဝန်ရှိသူတွေက ဒီလိုဖြေထားပါတယ်။ ကမ္ဘာ့ကပ်ရောဂါတချို့ဟာ ထပ်တလဲလဲ ဖြစ်တတ်တယ်။ ဒါပေမဲ့ ကိုရိုနာကတော့ အသစ်၊ အရင်ကလည်း ဒါမျိုးဖြစ်မယ်လို့ ကြိုတင်မမှန်းထားနိုင်တဲ့ (Unpredictable) ရောဂါမျိုးလို့ ဆိုတာပါ။
ကျနော်တို့တွေအနေနဲ့ ပထမဆုံး ကိုယ်ရယ်၊ ကိုယ့်မိသားစုကို ဂရုစိုက်ပေးရပါမယ်။ ဒုတိယကတော့ မသေချာတဲ့ ကောလဟလတွေ လိုက်ပြီး မဝေမျှဖို့ပါပဲ။

Reference:sunnyrabiussunny.com