တနင်္လာနေ့ည နောက်ဆုံးရ သတင်းတွေအရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈ဝဝဝဝ ကျော်နဲ့ သေဆုံးသူ ၇ဝဝဝ ကျော်ပြီ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူ ၄ဝဝဝ ကျော် ကူးစက်နေပြီး လူ ၇ဝ ကျော် သေဆုံးခဲ့ပါပြီ။ သမ္မတ ထရမ့်က ပြည်သူအားလုံး လိုက်နာဖို့ လမ်းညွန်ချက်အသစ်တရပ် ကို မနေ့က ထုတ်ပြန်ခဲ့ရာမှာ ၁ဝ ဦး ထက်ပိုမိုစုဝေးခြင်း မပြုကြဖို့၊ စားသောက်ဆိုင်တွေကို သွားရောက်ခြင်း ရှောင်ကြဉ်ကြဖို့နဲ့ ကျောင်းအားလုံး ပိတ်ထားဖို့ စတဲ့ အချက်တွေပါဝင်ပါတယ်။ ပြည်သူအားလုံး တစုတလုံးတည်း ညီညွတ်စွာနဲ့ နေထိုင်မှုတွေကို ပြောင်းလဲကြပါ၊ အနစ်နာခံကြပါလို့် မေတ္တာရပ်ခံလိုက်ပါတယ်။

ဒီဗိုင်းရပ်စ်ကာကွယ်တားဆီးရေးအတွက် အမေရိကန် အထက်လွတ်တော်ရှိ ဒီမိုကရက်တစ်ပါတီ အမတ်တွေက ဦးဆောင်ပြီး ဒေါ်လာ ဘီလီယံ ၇၅ဝ သုံးစွဲရေး ဥပဒေမူကြမ်းတခုကို အဆိုပြုဖို့ ကြိုးစားနေပါတယ်။ အဲဒီ ဥပဒေမူကြမ်းမှာ ဆေးရုံတွေရဲ့ ကုသမှုစွမ်းအား ပမာဏကို တိုးမြှင့်ရေးနဲ့ အလုပ်လက်မဲ့ဖြစ်သွားသူတွေကို စောင့်ရှောက်ရေး စတဲ့အချက်တွေပါဝင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အခု လူ သန်းပေါင်းများစွာ နေအိမ်အပြင်မထွက်ကြဘဲ ဝန်ထမ်းတွေကလည်း ရုံးအလုပ်တွေကို နေအိမ်ကနေ ကွန်ပျူတာ အင်တာနက်နဲ့ ချိတ်ဆက်လုပ်ကိုင်နေကြပါတယ်။
အမေရိကန် ဆေးပညာရှင်တွေက ဒီ ဗိုင်းရပ်စ်ပိုးကူးစက်မှု ဟာ အီတလီနိုင်ငံမှာ ဖြစ်ပွားသလို တမဟုတ်ချင်း မတန်တဆ တိုပွားလာမှာကို စိုးရိမ်နေကြပါတယ်။ အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပတ်က ကူးစက်ဖြစ်ပွားသူ ၁၇ဝဝ နဲ့ သေဆုံးသူ ၃၄ ဦးပဲ ရှိခဲ့ရာကနေ အခု လူ နှစ်သောင်းခွဲကို ကူးစက်ပြီး လူ ၁၈ဝဝ ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။ အီတလီ နဲ့ ပြင်သစ်မှာ အရေးပေါ်လိုအပ်ချက်မှလွဲပြီး အိမ်ပြင်မထွက်ကြဖို့ လူထုကို ညွန်ကြားထားပါတယ်။ ကမ္ဘာကျော် အီတလီကမ်းခြေတွေကို အခု ပိတ်ထားလိုက်ပါပြီ။

ဒီအတောအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပေယိုက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားရတာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုကို ပြစ်တင်ဝေဖန်ခြင်း မပြုဖို့ တရုတ်အစိုးရကို မနေ့က ပြောကြားလိုက်ပါတယ်။ တရုတ် ထိပ်တန်းအရာရှိတဦးကို ဖုန်းဆက်ပြီး သတင်းမှားတွေ ဖြန့်ချိခြင်း မပြုဖို့နဲ့ အခုအချိန်ဟာ ကမ္ဘာ့နိုင်ငံအားလုံး လက်တွဲပြီး ဒီ ဗိုင်းရပ်စ်ကို ရင်ဆိုင်ရမယ့်အချိန်ဖြစ်တယ်လို့ ဝန်ကြီး ပွန်ပေယို က ပြောဆိုခဲ့ပါတယ်။
တနေ့တည်းမှာပဲ သမ္မတ ထရမ့်က ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို လူနာတွေ အောက်စီဂျင်ပေးဖို့အတွက် အသက်ရှူစက်တွေကို ဗဟိုပြည်ထောင်စု အစိုးရထံက အကူအညီပေးတဲ့အထိ စောင့်မနေကြဘဲ မိမိတို့ပြည်နယ်တွေအနေနဲ့ ကိုယ်နည်းကိုယ့်ဟန်နဲ့ ရှာဖွေကြဖို့ မနေ့က ပြောလိုက်တဲ့အတွက် မကျေမနပ် ပြောကြားတဲ့ အသံတွေကြားရပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးတဦးက သူတို့ပြည်နယ်အတွက် လိုအပ်တဲ့အကူအညီကို ဗဟိုအစိုးရက ထောက်ပံ့ပေးနိုင်ခြင်း မရှိဘူးဆိုရင် တခြားပြည်နယ်တွေအတွက်ပါ အန္တရာယ်ရှိနိုင်ပါတယ်လို့ ပြောပါတယ်။
Writer – Summer ( The Lifestyle Myanmar )
Source: BBC