တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို ၂ရက်ကြာ ချစ်ကြည်ရေးခရီးစတင်လိုက်ပြီး ဒီနေ့ နေ့လယ်ပိုင်းက နေပြည်တော်လေဆိပ်သို့ အထူးလေယာဉ်နဲ့ ရောက်ရှိလာပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒုသမ္မတ ဦးမြင့်ဆွေနဲ့ တာဝန်ရှိသူတွေက နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ အတူ ကြိုဆို နှုတ်ဆက်ကြသလို လေဆိပ်လမ်းတလျှောက် ပြည်သူလူထုတွေက အလံတွေကိုင်ပြီး ကြိုဆို ခဲ့ကြပါတယ်။
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး နဲ့ ဗဟို လုပ်ငန်းဆောင်ရွက်မှုရုံး ညွှန်ကြားရေးမှူး တင်းရွှဲရှန်(Ding Xuexiang) ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ(Yang Jiechi) တို့ လိုက်ပါလာပါတယ်

တရုတ်သမ္မတနဲ့အတူ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တွေ၊ နိုင်ငံခြားရေးဝန်ကြီး ဝန်ယိ၊ တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင်အကြီးအကဲ ဟီလီဖန်းတို့လည်း လိုက်ပါတယ်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ဟာနေပြည်တော်မှာ မြန်မာသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့ရှိသလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်