တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို ၂ရက်ကြာ ချစ်ကြည်ရေးခရီးစတင်လိုက်ပြီး ဒီနေ့ နေ့လယ်ပိုင်းက နေပြည်တော်လေဆိပ်သို့ အထူးလေယာဉ်နဲ့ ရောက်ရှိလာပါတယ်။
မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းက နိုင်ငံတော်သမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။


ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖျင် တို့သည် ဂုဏ်ပြုခံ စင်မြင့်၌ နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။
ယင်းနောက် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကာ ဂုဏ်ပြု ကြိုဆိုပွဲသို့ တက်ရောက် လာကြသည့် နှစ်နိုင်ငံ အဖွဲ့ဝင်များနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။


ထို့နောက် တရုတ်သမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြား တွေ့ဆုံခဲ့သည်။
