ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပေါက်တောဝ လမ်းဆုံအကျော်တွင် YBS 61 ယာဉ်မောင်းကို အမည်မသိ အမျိုးသားသုံးဦးက ပြေးလိုက်လာပြီး ကားပေါ်သို့ရောက်ရှိ ပြီးနောက် ဓါးဖြင့် ခုတ် ၊ ဆန်ထိုးပိုက်ဖြင့် ထိုးသည့် CCTV မှတ်တမ်းတစ်ခု မှာ လူမှုကွန်ယက်တွင် ပျံ့နှံ့လာခဲ့သည်။
မည်သည့်အတွက် ထိုကဲ့သို့ ဓါးဖြင့် ခုတ် ဆန်ထိုးပိုက်ဖြင့် ထိုးသည်ကို မသိရှိရသလို ထိုကဲ့သို့ လူမိုက်ဆန်ဆန် လုပ်ဆောင်ခဲ့ကြသူများမှာ ထွက်ပြေးလွတ်မြောက်နေသည် ဟုလည်း သိရသည်။အဆိုပါ YBS 61 ယာဉ်မောင်းမှာ အင်းစိန်ဆေးရုံကြီးမှ တစ်ဆင့် ရန်ကုန်ဆေးရုံကြီးတွင် စိုးရိမ်ရသည့် ဒဏ်ရာများဖြင့် အတွင်းလူနာအဖြစ် တက်ရောက် နေရသည်ဟုလည်း သိရသည်။
CCTVမှတ်တမ်းများအရ အဆိုပါဖြစ်စဉ်မှာ ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ည ၉နာရီ ၃၀ ခန့် က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကာယကံရှုင် ယာဉ်မောင်း၏ မိသားစု က အင်းစိန် ရဲစခန်းသို့ တိုင်ကြားထားသည်ဟုလည်း သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်သွားခဲ့ သူ များကို တွေ့ရှိပါက အင်းစိန်ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြား ပေးကြပါရန်လည်း မေတ္တာရပ်ခံထားသည်။
အဆိုပါမှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ အင်းစိန် ရဲစခန်းသို့ The Ladies News က ဆက်သွယ် စုံစမ်းခဲ့ရာတွင် တာဝန်ကျ ရဲအရာရှိက အခင်းဖြစ်ပွားခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့က တာဝန်ကျသည့် တာဝန်မှုးကသာ အလုံးစုံ သိရှိနိုင်မည်ဟု ဖြေကြား ခဲ့သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာ၂၄ ရက်တွင် တာဝန်ကျခဲ့သည်ဆိုသည့် ဒုရဲအုပ် *****၏ ဖုန်းနံပါတ် ၀၉၄၄၂၂×××××ကို ဆက်သွယ်ရာတွင် ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍ မရခဲ့ပေ။
Source: The Ladies News