လီဗာပူးအသင်းကို တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ စနေနေ့ပွဲ ပရီးမီးယားလိဂ်ပွဲစဉ်မှာ VAR အသုံးပြုမှု နဲ့ ပတ်သက်ပြီး ဇဝေဇဝါဖြစ်မိတယ်လို့ စပါးနည်းပြ မာ်ရင်ဟိုကပြောဆိုလိုက်ပါတယ်။
ဒီပွဲစဉ်မှာ လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဖာမီနိုရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးမသွင်းယူနိုင်ခင် ကစားကွက် တည်ဆောက်နေစဉ်အတွင်းမှာ အသင်းခေါင်းဆောင် ဂျော်ဒနေဟန်ဒါဆင်ဟာ ဘောလုံးကိုလက်နဲ့ထိခဲ့တယ်ဆိုပြီး VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပါတယ်။

စပါးကစားသမားတွေဟာ ဒီဂိုးနဲ့ပတ်သက်ပြီး စောဒကတက် ပြောဆိုခဲ့ပေမယ့် စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးချိန်မှာတော့ ဒီဂိုးကိုခွင့်ပြုပေးခဲ့ပါတယ်။
“ကျနော် ဒီဂိုးကို ပြန်မကြည့်ဖြစ်သေးပါဘူး။ ဒါပေမဲ့ ကျနော် ပြောနိုင်တာကတော့ ဒီဂိုးကို အစပြုခဲ့တဲ့ လက်ပစ်ဘောကို ကျနော်တို့အသင်းက ရရှိရမှာဖြစ်ပါတယ်။ ဒီကိစ္စကြီး ဖြစ်ပွားခဲ့တာကြောင့် ကျနော့်အနေနဲ့ VAR အသုံးပြုမှုကို ဇဝေဇဝါ ဖြစ်မိပါတယ်” လို့ မော်ရင်ဟိုက ဘီဘီစီသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မော်ရင်ဟိုက စပါးအသင်းဟာ အရှုံးနဲ့မထိုက်တန်ဘူးလို့ ယုံကြည်နေပြီး သူ့အသင်းဟာ ကြိုတင်လေ့ကျင့်ထားတဲ့ လက်ပစ်ဘောပေးမှုနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောပါတယ်။
“ဒါဟာ ဘောလုံးအားကစားပါ။ ခင်ဗျားအနေနဲ့ တခါတလေမှာ ထိုက်တန်တာထက်ပိုပြီး ရရှိနိုင်သလို တခါတလေကျတော့ ပိုနည်းနိုင်ပါတယ်။ ဒါပေမဲ့ စနေနေ့ပွဲစဉ်ကတော့ ကျနော်တို့ ထိုက်တန်တာထက်ပိုပြီး နည်းအောင် ရခဲ့တဲ့ပွဲပါ။ ကျနော်တို့ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အသင်းရဲ့ဒဏ်ရာအခြေအနေတွေက ခက်ခဲတဲ့ အခြေအနေတွေကို ဖြစ်စေပါတယ်။ ကျနော့်ကောင်လေးတွေဟာ အပြောင်းအလဲပြုလုပ်ဖို့နဲ့ ပြိုင်ဘက်ကို အခက်အခဲ ဖြစ်စေတဲ့အပိုင်းမှာ အကောင်းဆုံးရှိနေခဲ့ပါတယ်” လို့ ပြောပါတယ်။

“ဒီပွဲမှာ အနိုင်သုံးမှတ် မရရှိခဲ့ပေမယ့် ကျနော်ကတော့ ကျနော့်အသင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ အများကြီး မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ တခါတလေမှာ ဘောလုံးအားကစားဟာ မျှတမှုမရှိခဲ့ဘဲ ဒီနေ့ပွဲဟာလည်း အဲ့ဒါတွေထဲက တခုပဲဖြစ်ပါတယ်။ ကျနော့်ကစားသမားတွေဟာ လီဗာပူးနဲ့ ပွဲစဉ်မှာ အရာအားလုံးကို ပေးဆပ်ကစားသွားခဲ့ပြီး ကံတရားကြောင့်သာ လီဗာပူးအသင်းက အနိုင်ရရှိခဲ့တာပါ” လို့ မော်ရင်ဟိုက ထပ်မံပြောဆိုခဲ့ပါတယ်။
ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်