ရီးရဲလ်မက်ဒရစ်အသင်းနည်းပြဇီဒန်းဟာ ရီးရဲလ်နည်းပြဘဝမှာ အသင်းကို ဗိုလ်လုပွဲ ၉ ကြိမ် ကိုင်တွယ်ခဲ့ပြီး အဆိုပါပွဲအားလုံးကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ရပြီးနောက်ဇီဒန်းက အဆိုပါစံချိန်ကောင်းကို ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်နဲ့ ရီးရဲလ်က အနိုင်ရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ဖြစ်ခဲ့မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ပွဲကစားချိန်အတွင်းမှာ အကြိတ်အနယ်ဖြစ်ခဲ့ကြပြီး ပင်နယ်တီကန်သွင်းရာမှာတော့ ရီးရဲလ်မက်ဒရစ်က ၄ကြိမ်စလုံးဝင်ခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်ကတော့ ၃ကြိမ်ကန်ရာမှာ ၁ကြိမ်သာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။

ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၃ကြိမ်၊ ဥရောပစူပါဖလားဗိုလ်လုပွဲ ၂ကြိမ်၊ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲ ၂ ကြိမ် နဲ့ စပိန်စူဖလားဗိုလ်လုပွဲ ၂ကြိမ် ကိုင်တွယ်ခဲ့ပြီး ပွဲအားလုံးကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်အတွက် နောက်ဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကိုရယူပေးခဲ့ပြီးနောက် အသင်းကမထွက်ခွာခဲ့ရင် ဥရောပစူပါဖလားဗိုလ်လုပွဲတစ်ပွဲကို ထပ်မံကိုင်တွယ်ရမှာဖြစ်ပေမယ့် အသင်းကထွက်ခွာခဲ့လို့ လွဲချော်ခဲ့ရပါတယ်။

“အဆုံးသတ်မှာတော့ ကျွန်တော်တို့အားလုံး ဒီပွဲအတွက်အကောင်းဆုံးပြင်ဆင်နိုင်ခဲ့ပြီး အတူတကွကစားနိုင်ခဲ့ကြပါတယ်၊ ဗိုလ်လုပွဲ ၉ ကြိမ်မှာ ၉ ကြိမ်အနိုင်ရခဲ့တယ်ဆိုတာကို ကျွန်တော်မသိပါဘူး၊ ဒီလိုဖြစ်လာဖို့က လွယ်ကူမှုမရှိပါဘူး၊ ကျွန်တော်တို့ စိတ်ရှည်သည်းခံမှုတွေ ရှိခဲ့ရပါတယ်။ အက်သလက်တီကိုနဲ့ ကစားရတာ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး၊ နှစ်သင်းစလုံးအခွင့်အရေးတွေရခဲ့ကြပါတယ်” လို့ ဇီဒန်းက စပိန်စူပါဖလားဆွတ်ခူးအပြီးမှာ ပြောဆိုခဲ့ပါတယ်။
Source: Daily Mail